စကားလုံး အသုံးအနှုန်းများ ( မျှ၊ မဆို )

2007-12-14

အသုံးအနှုန်း အစဉ်အလာအရ ဆိုလျှင် `မည်သည်´ `မည်သူ´ တို့ကို `မျှ´ နှင့်တွဲလျှင် ဆိုင်ရာကြိယာ၌ `´ ထည့်၍ သုံးတတ်ကြသည်။
ပုံစံများမှာ -
မည်သူကိုမျှ မပြောကြနှင့်။
မည်သည့် လက်ထက်တွင်မျှ မကြားစဖူး။
မည်သည့်အခါမျှ တိမ်းစောင်းခြင်းမရှိ။
မည်သူမျှ မအောင်မြင်။
မည်သည့်ဆရာထံသို့မျှ မဆည်းကပ်။

အကယ်၍ `မျှ´ ကို မသုံးဘဲ၊ `မဆို´ ကို သုံးလျှင် `မဆို´ ၌ `´ ပါပြီး ဖြစ်၍ ဆိုင်ရာ ကြိယာ၌ `´ ထည့်ရန်မလို။
ပုံစံများမှာ -
မည်သူမဆို ထီးနန်းနှင်းလေ။
မည်သူမဆို အလိုရှိသမျှ ပေးလော့။
မည်သည့်အချိန်တွင်မဆို ထွက်နိုင်ဝင်နိုင်သည်။

အရေးရောတတ်သော အသုံးအနှုန်းမှာ `မ၀င်ရ´ ဟူသော အသုံးအနှုန်းမျိုးဖြစ်သည်။
အချို့က `မည်သူမဆို မ၀င်ရ´ ဟု ရေးတတ်ကြသည်။ မသင့်ပါ။ သုံးရိုးသုံးစဉ်မှာ `မည်သူမျှ မ၀င်ရ´ ဟု သုံးရပါသည်။
အကယ်၍ အတားအမြစ်မရှိ၊ လူတကာကို ၀င်စေလိုသော သဘောဖြင့် သုံးလိုပါက `မည်သူမဆို ၀င်နိုင်သည်´ ဟု သုံးရပါသည်။
ဘုရားစောင်းတန်း အချို့တွင် `မည်သူမဆို ဖိနပ်မစီးရ´ ဟု ကြော်ငြာကပ်ထားလေ့ ရှိပါသည်။ ရေးနှုန်းမသင့်ပါ။ မည်သူတစုံတယောက်မျှ ဖိနပ်စီးခွင့်မပြုသော သဘောဖြစ်၍ `မည်သူမျှ ဖိနပ်မစီးရ´ ဟုသာ ရေးသင့်ပါသည်။
အကယ်၍ ဆန့်ကျင်ဘက်သဘောဖြင့် `မည်သည့်သူ ဖြစ်ဖြစ် ဖိနပ်စီးခွင့်ပြုသည်´ဟု ရေးလိုပါက `မည်သူမဆို ဖိနပ်စီးနိုင်သည်´ ဟု ရေးနိုင်ပါသည်။ အကယ်၍ စီးခွင့်မပြုသည်နှင့် တနည်းရေးလိုသော် `မည်သူမဆို ဖိနပ်ချွတ်ရမည်´ ဟု ရေးနိုင်ပါသည်။
မှားတတ်သော အသုံးအနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မည်သူနှင့်မဆို ငြင်းခုန်ခြင်း မပြုကြပါနှင့်။
မည်သည့် ပုဂ္ဂိုလ်ကိုမဆို ရာထူးနှစ်ဆင့်တိုးမပေးရ။
မည်သည့် အလုပ်ကိုမဆို ကိုယ်တွေ့မလုပ်ဘဲ နားမလည်နိုင်။
မည်သူမဆို ငါ့ထံမရောက်လျှင် ငါ့တပည့်မဖြစ်နိုင်။
မည်သည့် လျှောက်လွှာများကိုမဆို အကြောင်းမရှိဘဲ မပယ်နိုင်။

သင့်သော အသုံးအနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မည်သူနှင့်မျှ ငြင်းခုန်ခြင်း မပြုကြပါနှင့်။
မည်သည့် ပုဂ္ဂိုလ်ကိုမျှ ရာထူးနှစ်ဆင့်တိုးမပေးရ။
မည်သည့် အလုပ်ကိုမျှ ကိုယ်တွေ့မလုပ်ဘဲ နားမလည်နိုင်။
မည်သူမျှ ငါ့ထံမရောက်လျှင် ငါ့တပည့်မဖြစ်နိုင်။
မည်သည့် လျှောက်လွှာကိုမျှ အကြောင်းမရှိဘဲ မပယ်နိုင်။

ထူးခြားချက်တစ်ခုမှာ အောက်ဆုံးစာကြောင်းတွေ မှားတတ်သော အသုံးအနှုန်း၌ လျှောက်လွှာများဟု ထည့်သွင်းရေးသားခြင်း ဖြစ်ပါသည်။
`မည်သူ´ `မည်သည့်´ စသော အသုံးအနှုန်းများ၌ `မဆို´ နှင့် `မျှ´ ကို သုံးရာ၌ `များ´ သုံးလေ့မရှိကြောင်း သတိပြုသင့်ပါသည်။
ပုံစံမှာ -
မည်သူများမဆို ဖိနပ်စီးနိုင်သည်။
မည်သူများမျှ ဖိနပ်မစီးရ။ ဟူသော အသုံးအနှုန်းများ ဖြစ်ပါသည်။
ထိုကြောင့်ပင် `မည်သည့် လျှောက်လွှာကိုမျှ အကြောင်းမရှိဘဲ မပယ်နိုင်´ ဟူ၍ `များ´ ကို ဖြုတ်၍ ရေးသားရပါသည်။


ဆက်ဖတ်ချင်သေးရင်တော့ ...

စကားသံနှင့် အနက် ဆက်သွယ်ချက်

2007-12-10

မြန်မာစကားလုံးတွေကို လေ့လာကြည့်ရင် စကားသံတချို့နဲ့ အနက်အဓိပ္ပါယ်တွေ ဆက်သွယ်နေတာကို စိတ်ဝင်စားဖွယ် တွေ့ရလိမ့်မယ်။ အချို့ ဗျည်းသံတွေက အနက်အဓိပ္ပါယ်ကို ပြုပြင်ပေးနိုင်စွမ်း ရှိကြတယ်။ မြန်မာစကားမှာ ဗျည်းသံတူသလို အနက်အဓိပ္ပါယ်ချင်းလည်း တူညီ နီးစပ်မှုရှိတဲ့ စကားလုံးတွေ ရှိပါတယ်။ သံညင်း၊ သံပြင်း ကွဲပြားမှု သဘောကလည်း အနက်အဓိပ္ပါယ်နဲ့ ဆက်စပ်မှု ရှိပါတယ်။

စကားသံနဲ့ အနက်အဓိပ္ပါယ် ဆက်သွယ်ပုံကို ပြတဲ့နေရာမှာ `ဟ´ ဗျည်းသံက အရေးပါလှတယ်လို့ ဆိုနိုင်တယ်။ `ဟ´ ဗျည်းသံက ဖြစ်ခြင်းပြ အနက် ကို ပြုခြင်းပြ အနက် ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိတယ်။ ဖြစ်ခြင်းပြ အနက်ရှိတဲ့ စကားလုံးကို `ဟ´ ဗျည်းသံ ပေါင်းလိုက်တဲ့ အခါမှာ ပြုလုပ်ခြင်း အနက်ရှိတဲ့ စကားလုံးအဖြစ် ပြောင်းသွားတယ်။ ဖြစ်ခြင်းပြ စကားလုံးကို `သုဒ္ဓကြိယာ´ လို့ခေါ်ပြီး ပြုလုပ်ခြင်းပြ စကားလုံးကို `ကာရိုက်ကြိယာ´ လို့ ခေါ်ပါတယ်။

`ဟ´ ဗျည်းကို နောက်က ထား၍ ပေါင်းစပ်ပုံ
က + ဟ - ခ
ကျ + ဟ - ချ
စ + ဟ - ဆ
တ + ဟ - ထ
ပ + ဟ - ဖ

`ဟ´ ဗျည်းကို ရှေ့က ထား၍ ပေါင်းစပ်ပုံ
ဟ + င - ငှ
ဟ + ည - ညှ
ဟ + န - နှ
ဟ + မ - မှ
ဟ + လ - လှ

ကျနော် စုစည်း ရသလောက် ဆက်စပ်မှု ရှိတဲ့ စကားလုံးတွေကို တင်ပြလိုက်ပါတယ်။ အကယ်၍ စာဖတ်သူဘက်က စာရင်းမှာ မပါသေးတဲ့ စကားလုံးတွေ မှတ်မိမယ် သတိရမယ်ဆိုရင် ပြောပေးခဲ့ပါဦး။ ကျနော် စာရင်း ပြုစုချင်လို့ အကူအညီ တောင်းခံခြင်းပါ။
အထက်ပါ စာစုကို သုဒ္ဒဗေဒအက္ခရာ ပူးတွဲဘာသာစကားနှင့် အဓိပ္ပါယ် ပြည့်စုံသော စကားစု - ဆရာချိန် (ပဲခူး) ရဲ့ ဆောင်းပါး၊ မျက်မှောက်ရေးရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၇) မှ ထုတ်နှုတ် တင်ပြခြင်း ဖြစ်ပါသည်။

အစိမ်းရောင်နဲ့ ပြထားတဲ့ စကားစုက ဖြစ်ခြင်းပြ အနက် ( ဟ သံမပါ) ဖြစ်ပြီး နက်ပြာရောင်နဲ့ ပြထားတဲ့ စကားစုက ပြုခြင်းပြ အနက် (ဟ သံပါ) ဖြစ်ပါတယ်။
ကျသည် - ချသည်
ကျဲသည် - ချဲသည်
ကျန်သည် - ချန်သည်
ကျက်သည် - ချက်သည်
ကျွတ်သည် - ချွတ်သည်
ကျုံ့သည် - ချုံ့သည်
ကျိုးသည် - ချိုးသည်
ကျေသည် - ချေသည်
ကွာသည် - ခွာသည်
ကွဲသည် - ခွဲသည်
ကုန်းသည် - ခုန်းသည်
ကြွေသည် - ခြွေသည်
ကြောက်သည် - ခြောက်သည်
စုံသည် - ဆုံသည်
စွဲသည် - ဆွဲသည်
ညွတ်သည် - ညွှတ်သည်
တုပ်သည် - ထုပ်သည်
နစ်သည် - နှစ်သည်
ပိသည် - ဖိသည်
ပဲ့သည် - ဖဲ့သည်
ပြဲသည် - ဖြဲသည်
ပြေသည် - ဖြေသည်
ပြတ်သည် - ဖြတ်သည်
ပြုတ်သည် - ဖြုတ်သည်
ပြုန်းသည် - ဖြုန်းသည်
ပျော့သည် - ဖျော့သည်
ပျော်သည် - ဖျော်သည်
ပျက်သည် - ဖျက်သည်
ပျောက်သည် - ဖျောက်သည်
ပေါက်သည် - ဖောက်သည်
မြုတ်သည် - မြှုတ်သည်
လဲသည် - လှဲသည်
လွဲသည် - လွှဲသည်
လန်သည် - လှန်သည်
လည်သည် - လှည့်သည်
လိမ့်သည် - လှိမ့်သည်
လွင့်သည် - လွှင့်သည်
လွတ်သည် - လွှတ်သည်


ဆက်ဖတ်ချင်သေးရင်တော့ ...