မျက်ဖြေလင်္ကာ - အနန္တသူရိယ

2008-12-24

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊
ပျက်လင့်ကာသာ ဓမ္မတာတည်း။

ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊
ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏ တက်သည်၊
ရေပွက်ပမာ တစ်သက်လျာတည်း။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွှဲတတ်သည်၊
မချွတ်စသာ သတ္တဝါတည်း။

ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏။
ခိုက်ကြုံဝိပါက်၊ သံသာစက်၌၊ ကြိုက်လတ်ထွန်မူ၊
တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။
သွေးသည်အနိစ္စာ ငါ့ခန္ဓာတည်း။

ဆက်ဖတ်ချင်သေးရင်တော့ ...

ကဗျာ၌ သင့်သော ဒေါသ (၂)

2008-12-17

ဝါကျဒေါသဆိုတာ ပုဒ်တစ်ပုဒ်တည်းကိုပဲ ငြိစွန်းတတ်တဲ့ ဒေါသမျိုးမဟုတ်ဘဲ ဝါကျတစ်ခုလုံးမှာ သက်ရောက်သွားစေတဲ့ ဒေါသမျိုး အပြစ်မျိုးကို ဝါကျဒေါသလို့ ခေါ်ပါတယ်။ စုစုပေါင်း (၉) ပါးရှိတယ်။
  1. ဧကတ္ထ ဒေါသ
  2. ဘဂ္ဂရီတိ ဒေါသ
  3. ဗျာကိဏ္ဏ ဒေါသ
  4. ဂါမ္မ ဒေါသာ
  5. ယတိဟီန ဒေါသ
  6. ကမစ္စုတ ဒေါသ
  7. အတိဝုတ္ထ ဒေါသ
  8. အပေတတ္ထ ဒေါသ
  9. သဗန္ဓဖရုသ ဒေါသ တို့ပဲ ဖြစ်တယ်။

ဧကတ္ထ ဒေါသ
အဓိပ္ပာယ် - ဝါကျတစ်ကြောင်းမှာ သဒ္ဒါ အနေနဲ့ ဒါမှမဟုတ် အဓိပ္ပာယ်အနေနဲ့ တူနေပါလျက်နဲ့ အကြိမ်ကြိမ် ခဏခဏ ဆိုသလို သုံးနှုန်းနေခြင်း
ဥပမာ - မိုးရေပေးတတ်၊ မိုးတိမ်ထပ်သည်၊ ...
အကြောင်းအရင်း - မိုးတိမ်က ဆိုမှတော့ မိုးရေ ပေးမယ်ဆိုတာ သိလျက်နဲ့ "မိုး" ဆိုတဲ့ စာလုံးကို ထပ်ခါထပ်ခါ သုံးထားတယ်။
ဖြေနည်း - ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ အံ့သြခြင်း စတာ တစ်ခုခုကြောင့် ဒီလို အကြိမ်ကြိမ် အာမေဍိတ် အနေနဲ့ သုံးမယ်ဆိုရင် ဒေါသက လွတ်ပါတယ်။

အာမေဍိတ် (၈) မျိုးရှိပါတယ်။
၁။ ဘယ - ကြောက်ခြင်း။ "သူခိုးသူခိုး၊ အော်လျက်နှိုး၏"
၂။ ကောဓ - အမျက်ထွက်ခြင်း။ "ထိုးလော့ထိုးလော့၊ အားမလျော့နှင့်"
၃။ ပသံသ - ချီးမွမ်းခြင်း။ "ကောင်းစွကောင်းစွ၊ လူ့ဘုံရခဲ"
၎။ တုရိတ - အဆောတလျင်ပြုခြင်း။ "မြန်မြန်ယခု၊ အမောင်ပြုလော့"
၅။ ကောတုဟလစ္ဆရ - အုတ်အုတ်ကျက်ကျက် ဖြစ်၍ အံ့သြခြင်း။ "အလိုဟောဟော၊ ဘယ်သဘောလိမ့်"
၆။ ဟာသ - ရယ်ရွှင်ဝမ်းမြောက်ခြင်း။ "အလိုဟားဟား၊ ရွှင်ဖွယ်များလှ"
၇။ သောက - စိုးရိမ်ခြင်း။ "သားလှသားလှ၊ ဘယ်နားကြွလိမ့်"
၈။ ပသာဒ - ကြည်ညိုခြင်း။ "ဘုရားဘုရား၊ ကြည်ညိုများ၏"

ဘဂ္ဂရီတိ ဒေါသ
အဓိပ္ပာယ် - ဝါကျတစ်ခုမှာ စကား အသွားအလာအရ သုံးထားတဲ့ ဝိဘတ်ပုဒ် ကို ရှေ့ကလို သုံးရိုးသုံးစဉ် မဟုတ်ဘဲ ဖောက်ပြန် အသုံးပြုခြင်း
ဥပမာ - ဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ ဟိုမှာဟိုလမ်း၊ ဟိုစခန်း၌၊ ...
အကြောင်းအရင်း - "ဤ" အက္ခရာကို ဆက်တိုက် သုံးလာပြီးမှ နောက်ပိုင်း "ဟို" အက္ခရာကို ပြောင်းသုံးတယ်။
ဖြေနည်း - ဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ဤမှာဤလမ်း၊ ဤစခန်း၌၊ ...

ဗျာကိဏ္ဏ ဒေါသ
အဓိပ္ပာယ် - စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားဘဲ မစပ်သင့်တဲ့ ပုဒ်ချင်း အနီးကပ်ထားလို့ ဖြစ်လာတဲ့ ရောနှော ရှုပ်ထွေးမှု
ဥပမာ - ဗုဒ္ဓမြတ်စွာ၊ ရှိပန်ထွာ၍၊ ရှစ်ဖြာဓမ္မ၊ ဦးညွတ်ခလျက်၊ ဆယ်ဝသံဃာ၊ ဤသုံးဖြာကို၊ ...
အကြောင်းအရင်း - ဓမ္မ ဆယ်ပါး၊ သံဃာ ရှစ်ပါး ရှိတာကို ပုဒ်တွေ ရောယှက်နေတယ်။
ဖြေနည်း - ဗုဒ္ဓမြတ်စွာ၊ ဆယ်ဓမ္မာနှင့်၊ ရှစ်ဖြာသံဃ၊ ဤသုံးဝကို၊ နေ့ညရိုကျိုး၊ ရှိရှင်ခိုးလျက်၊ ...

ဂါမ္မ ဒေါသ
အဓိပ္ပာယ် - ရိုင်းပြတဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေကို စကား ပရိယာယ်စဉ်ပြီး မပြောဘဲ တည့်ထိုး ပြောဆိုရေးသားခြင်း
ဥပမာ - မယ့်ကိုလှိုက်လှိုက်၊ ချစ်ခါကြိုက်လို့၊ ပွေ့ပိုက်နှစ်ကိုယ်၊ ပေါင်းဖက်လို၏ (ဒီခေတ်ပိုင်းမှာတော့ ဒီစာဟာ သိပ်ရိုင်းလှတဲ့ စာတော့ မဟုတ်တော့ပါဘူး)
အကြောင်းအရင်း - ချစ်ကြိုက်၊ ပွေ့ပိုက်၊ ပေါင်းဖက် ဆိုတဲ့ စကားလုံးတွေကို တည့်ထိုး သုံးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတော့ ဒါတွေကို ဒဲ့ပြောရင် ရိုင်းတယ်ပေါ့ဗျာ။ အခုခေတ်မှာတော့ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်းနဲ့ ကိုင်တုတ်တဲ့ ကဗျာစာပိုဒ်မျိုးတွေကို ဆိုလိုပါတယ်။
ဖြေနည်း - မယ့်ကိုမြင်ရ၊ ယဉ်စစမို့၊ ဘဝမကွာ၊ ကြည်အေးစွာဖြင့်၊ မေတ္တာရေစင်၊ နှောလိုက်ချင်ဘိ။

နောက်တစ်နည်း

အဓိပ္ပာယ် - ဝါကျတစ်ခုမှာ ပုဒ်တွေကို ဖတ်တဲ့အခါ ဖြတ်သင့်ရာဖြတ်၊ ရပ်သင့်ရာ မရပ်ဘဲ မတွဲဖတ်သင့်တဲ့ ပုဒ်နှစ်ခုကို တွဲဆိုလိုက်မိရင် လည်း ဂါမ္မဒေါသ သင့်တတ်ပါတယ်။
ဥပမာ - လက်လေးသစ်အောက်၊ ကျဉ်းအပေါက်နှင့်၊ တွင်း-စောက်-ပတ်-လည်၊ လက်သစ်ညီအောင်၊ ...
အကြောင်းအရင်း - အထက်က ကဗျာစာပိုဒ်မှာ စောက် နဲ့ ပတ် ကို စပ်ပြီး "တွင်း-စောက်ပတ်-လည်" လို့ ဖတ်မိရင် ဂါမ္မဒေါသ သင့်ပါတယ်။
ဖြေနည်း - အဲဒီလို ပုဒ်မျိုးကို သုံးဖို့ လုံးဝ ပိတ်ပင်ပါတယ်။

ယတိဟီန ဒေါသ
အဓိပ္ပာယ် - စကားလုံး တစ်လုံးနဲ့ တစ်လုံးကြား ရပ်သင့် ဖြတ်သင့်တဲ့ နေရာမှာ မရပ်မဖြတ်ဘဲ မဖြတ်သင့်တဲ့ နေရာမှာ ပုဒ်ဖြတ်ခြင်း။
ဥပမာ - ကုသိုလ်ကိုပြု၊ ၍ထိုမှုကြောင့်၊ တောင်းဆုလိုရာ၊ ...
အကြောင်းအရင်း - ပုဒ်မဖြတ်သင့်တဲ့ "ပြု" နဲ့ "၍" ကြားမှာ ပုဒ်ဖြတ်ထားပါတယ်။
ဖြေနည်း - ကုသိုလ်ပြု၍၊ ထိုမျိုးစေ့ကြောင့်၊ အပြည့်ဆုဆို၊ ...

ကမစ္စုတ ဒေါသ
အဓိပ္ပာယ် - သုံးနေကျ၊ ဖြစ်နေကျ အစဉ်အလာကို ဖီလာဆန့်ကျင့်ပြီး ဖွဲ့ဆိုထားခြင်း။
ဥပမာ - လယ်မြေမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ မြို့ကိုမလော့၊ ...
အကြောင်းအရင်း - သဘာဝအရ လယ်မြေထက် ရွာမြေက ဈေးပိုရမယ်။ ရွာမြေထက် မြို့မြေက ပိုတယ်။ သူများရဲ့ ပစ္စည်းကို တောင်းလို့ မပေးရင် အများကနေ တဖြည်းဖြည်းနဲ့ လျှော့တောင်းရတဲ့ သဘာဝပဲ ရှိတယ်။ အခု ဝါကျအရ လယ်မြေကိုတောင် တောင်းလို့ မရတာ ရွာမြေကို တောင်းမယ်၊ မရရင် မြို့မြေကို တောင်းမယ် ဆိုတော့ သဘာဝကို ဖီဆန်နေပါတယ်။
ဖြေနည်း - မြို့ကိုမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ လယ်ကိုမလော့၊ ...

အတိဝုတ္ထ ဒေါသ
အဓိပ္ပာယ် - ဖြစ်မြဲဖြစ်စဉ်ထက် ပိုပိုသာသာ အကြွားပိုပြီး ရေးဖွဲ့ထားခြင်း
ဥပမာ - သားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ ကျဉ်းအံ့ထင်၏။
အကြောင်းအရင်း - သားကို ဆွဲပြီးဖြန့်တာ ကောင်းကင်နဲ့တောင် မဆံ့လို့ ကျဉ်းတယ်လို့ ထင်မိကြောင်း လွန်လွန်ကျူးကျူး ရေးဖွဲ့ထားတယ်။
ဖြေနည်း - သားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ မဖြစ်လျှင်တည်း။
ကောင်းကင်မှာ မဆံ့ဘူးဆိုတာ မဖြစ်နိုင်ဘူး လို့ ရေးဖွဲ့တာကြောင့် ဒေါသလွတ်ပါတယ်။

အပေတတ္ထ ဒေါသ
အဓိပ္ပာယ် - ဝါကျတစ်ခုလုံး ခြုံငုံပြီး အဓိပ္ပာယ် ယူကြည့်လိုက်ရင် ဟိုလိုလို ဒီလိုလိုနဲ့ မရေမရာ အဓိပ္ပာယ်သက်ရောက်နေခြင်း။
ဥပမာ - နွားမသားငယ်၊ ခေါင်းပေါင်းဝယ်၍၊ ပင်လယ်ရေငန်၊ ချစ်နလန်ထ၊ ...
အကြောင်းအရင်း - စကားတစ်ပိုဒ်ချင်းစီ အဓိပ္ပာယ် ရှိနေပေမယ့် ဝါကျတစ်ခုလုံး ပေါင်းစပ် ယူလိုက်တော့ ဘာ ဆိုလိုမှန်းကို မသိဘူး ဖြစ်သွားတယ်။
ဖြေနည်း - အဲဒီလို ရေးတာဟာ ကလေးစကား၊ အရူးစကားလို့ သိသာအောင် ဖော်ပြမယ်ဆိုရင် ဒေါသလွတ်ပါတယ်။

သဗန္ဓဖရုသ ဒေါသ
အဓိပ္ပာယ် - ဝါကျမှာ အသံကို ခပ်ပြင်းပြင် ရွတ်ဆိုရတဲ့ အက္ခရာတွေ ဖောဖောသီသီ သုံးထားတာကြောင့် ဖတ်ရတာ မာဆပ်ဆပ် ဖြစ်နေခြင်း။
ဥပမာ - မခေါ်ခင်များ၊ မယ်ကခါး၍၊ ဆွဲထားထပ်ခါ၊ တခါခါနှင့်၊ ...
အကြောင်းအရင်း - ကြမ်းကြမ်းတမ်းတမ်း၊ ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ (ခ) အက္ခရာ နဲ့ (ထ) အက္ခရာတွေကို အများကြီး သုံးထားပါတယ်။
ဖြေနည်း - ဒီလို ဝါကျမျိုးကို ဖာထေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ အဲလို ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ အက္ခရာတွေ လျှော့သုံးဖို့ပါပဲ။

ဆက်ဖတ်ချင်သေးရင်တော့ ...

ကဗျာ၌ သင့်သော ဒေါသ

2008-12-13

ဒေါသမကင်းသောစာ (၁)(၂) ကို တင်ပြပြီးကာမှ ကဗျာရေးတဲ့ သူတွေအတွက်လည်း အသုံးတည့်အောင် အခု ဒီပို့စ်ကို ရေးပြီး ဝေမျှလိုက်ပါတယ်။ တကယ်တမ်း ဆိုရင် ဒီလို အပြစ်အနာတွေက စာမှာဖြစ်ဖြစ်၊ ကဗျာမှာဖြစ်ဖြစ် အတူတူတွေချည်းပါ။ ပို့စ်တစ်ခုအနေနဲ့ သီးခြား ခွဲပြီး ဖော်ပြရတဲ့ အကြောင်းကတော့ ဥပမာ ဥပမေယျတွေ ပေးတာ မတူလို့ပါ။ စာမှာတော့ စာကြောင်း၊ ဝါကျတွေနဲ့ ဥပမာ ပေးပြီး အခု ဒီကဗျာမှာ ဆိုရင်လည်း ကဗျာလေးတွေကို ဥပမာပေးပြီး ရေးသွားမှာပါ။ ဒါဆို ကဗျာသမားတွေအတွက် ပိုပြီး သိသာထင်ရှား မြင်သာထင်သာ ဖြစ်သွားပါလိမ့်မယ်။ ဒေါသတွေရဲ့ နာမည်နဲ့ အဓိပ္ပာယ် သက်မှတ်ချက်တွေကတော့ အတူတူချည်းပါ။ ဒေါသ တစ်ခုချင်းစီအတွက် အဓိပ္ပာယ် သက်မှတ်ချက်၊ ဥပမာ ကဗျာစာပိုဒ်၊ အပြစ်သင့်ပုံ အကြောင်းအရင်း နဲ့ အပြစ်ဖြေပုံ ဆိုပြီး လေးပိုင်းစီ ခွဲပြသွားပါမယ်။ ထုံးစံအတိုင်း ပါဠိစကားလုံးတွေ ပါလာမှာမို့ အဲဒီစကားလုံးတွေကြောင့် ရှိန်ပြီး မဖတ်ချင် ဖြစ်သွားမှာလည်း စိုးပါတယ်။ ပါဠိစကားလုံးတွေကို ကျော်ပြီး ဖတ်သွားစေချင်တယ်။ မြန်မာစာရဲ့ ရေးနည်း၊ ဖွဲ့နည်း၊ သဒ္ဒါနည်းတွေဟာ ပါဠိကျမ်းစာတွေကနေ အများစု အတုယူး ရေးထားတာ ဖြစ်တာကြောင့် ပါဠိဝေါဟာရတွေနဲ့ ကင်းလို့ကို မရပါဘူး။ မြန်မာမှုပြုပြီး မြန်မာနာမည်တွေ ပေးထားတယ် ဆိုပေမယ့်လည်း မူရင်း ပါဠိနာမည်တွေလည်း မပျောက်ပျက်စေချင်တဲ့ သဘောနဲ့ ပါဠိဝေါဟာရတွေပါ ထည့်သွင်း တင်ပြပေးလိုက်ပါတယ်။ ဓမ္မာစရိယ ဦးထွန်းရွှေ ပြုစုထားတဲ့ ကဗျာစွယ်စုံကျမ်းကြီး ကို ကိုးကားတင်ပြမှာ ဖြစ်ပါတယ်။

ကဗျာမှာ သင့်နိုင်တဲ့ ဒေါသကို ဖွဲ့စည်းပုံအားဖြင့် သုံးပိုင်း ခွဲပြီး ပြောပါ့မယ်။
(၁) ပုဒ်တစ်ပုဒ် (တစ်ပဒ) ချင်းစီမှာ မှားတတ် ငြိစွန်းတတ်တဲ့ ဒေါသ - ပဒဒေါသ ရှစ်ပါး၊
(၂) ဝါကျတစ်ခုလုံးကို ငြိစွန်း ထိခိုက်စေတတ်တဲ့ ဒေါသ - ဝါကျဒေါသ ကိုးပါး နဲ့
(၃) ဝါကျတွေရဲ့ အနက်အဓိပ္ပာယ်ကို ငြိစွန်းလို့ သင့်တတ်တဲ့ ဒေါသ - ဝါကျတ္ထဒေါသ ခြောက်ပါး
စုစုပေါင်း - (၂၃) ပါး ကို ခွဲခြားဝေဖန် စီစစ်သုံးသပ် ပြဖို့ ရည်ရွယ်ထားပါတယ်။

ပဒဒေါသ (၈) ပါး ဆိုတာ
  1. ဝိရုဒ္ဓတ္ထန္တရ ဒေါသ
  2. အဓျတ္ထ ဒေါသ
  3. ကိလိဋ္ဌ ဒေါသ
  4. ဝိရောဓိ ဒေါသ
  5. နေယျ ဒေါသ
  6. ဝိသေသနပေက္ခ ဒေါသ
  7. ဟိနတ္ထက ဒေါသ
  8. နေတ္ထက ဒေါသ

ဝိရုဒ္ဓတ္ထန္တရ ဒေါသ
အဓိပ္ပာယ် - ကိုယ်သုံးထားတဲ့ စကားလုံးဟာ ကိုယ်လိုချင်တဲ့ အဓိပ္ပာယ်တင် မကဘဲ သူ့ရဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ပါ ထွက်နေခြင်း။
ဥပမာ - စိန်ကိုဝေပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။
အကြောင်းအရင်း - စိန် ဆိုတာ ရတနာစိန် ဖြစ်နိုင်သလို၊ အဆိပ်စိန်လည်း ဖြစ်နိုင်ပါတယ်။
ဖြေနည်း - အမြတ်စိန်ပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။

အဓျတ္ထ ဒေါသ
အဓိပ္ပာယ် - ထိုက်သင့်တဲ့ ရှိသင့်တဲ့ ဂုဏ်ထက် ပိုပြီး လွန်လွန်ကြူးကြူး ဖွဲ့ဆိုထားခြင်း။
ဥပမာ - ဆယ်ရပ်ဒီသာ၊ ထွန်းလင်းဖြာလျက်၊ ရောင်ဝါကွန့်မြူး၊ ပိုးစုံးကြူးသည်၊ ...
အကြောင်းအရင်း - ပိုးစုံးကြူးတစ်ကောင် ပေးနိုင်တဲ့ အလင်းထက် မတန်မရာ ဖွဲ့ဆိုထားပါတယ်။
ဖြေနည်း - ပိုးစုံးကြူးငယ်၊ ရောင်တသွယ်ဖြင့်၊ ရပ်ဆယ်လုံးပိုင်၊ မလင်းနိုင်တည့်။

ကိလိဋ္ဌ ဒေါသ
အဓိပ္ပာယ် - အသိခက်တဲ့ နားလည်ရခက်တဲ့ ပုဒ်ကို အသုံးပြုထားခြင်း။
ဥပမာ - သုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ။
အကြောင်းအရင်း - သုံး အရ၊ လေး အရ၊ ငါး အရ အဓိပ္ပာယ်ကို သိဖို့ ခက်နေပါတယ်။
ဖြေနည်း - သုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ၊ ဤပုစ္ဆာ ပဟေဠိကို၊ ဖြေညှိဖို့ပဲ။
အသိခက်အောင် ပဟေဠိဆန်ဆန် ရေးပြီး ဖြေဖို့ တောင်းဆိုထားတာကြောင့် ဒေါသ လွတ်ပါတယ်။

ဝိရောဓိ ဒေါသ
အဓိပ္ပာယ် - ထုံးတမ်းစဉ်လာ၊ ကျင့်သုံးမြဲဖြစ်တဲ့ ဓမ္မတာ နဲ့ လောကသဘာဝ ဓမ္မတာတွေကို ဖီလာဆန့်ကျင့်ပြီး ရေးသားထားခြင်း။
ဥပမာ - တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုမပူ၊ ချမ်းစွာ့ဟူ၏။
အကြောင်းအရင်း - ဖတ်ကြည့်ရင် နားလည်မှာပါ။ လောကဓမ္မတာ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ မကိုက်ညီတာကို တမင် ရေးဖွဲ့ထားပါတယ်။
ဖြေနည်း - သုံးလူ့မြတ်ရိပ်၊ ဘုန်းဂုဏ်ဟိတ်ကြောင့်၊ တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုသော်ပင်၊ ချမ်းစွာ့ထင်၏။
ဘုရားဘုန်းတော်၊ ဂုဏ်တော်ကြောင့် အဲဒီလို ထင်မိပါတယ်လို့ ရေးဖွဲ့ထားတာပါ။

နေယျ ဒေါသ
အဓိပ္ပာယ် - အနက်အဓိပ္ပာယ် မထင်မရှား ဖြစ်နေလောက်အောင် ပုဒ်တစ်ပုဒ် လိုနေခြင်း
ဥပမာ - ဖြူဖွေးအရောင်၊ ညဥ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။
အကြောင်းအရင်း - ညသန်းခေါင် အချိန်မှာ ဖွေးဖွေးဖြူတယ်လို့ ရေးဖွဲ့ထားပြီး အကြောင်းအရင်းမပါဘူး။
ဖြေနည်း - ဝိဇ္ဖူနွယ်သေး၊ လျပ်စစ်ရေးကြောင့်၊ ဖြူဖွေးအရောင်၊ ညဥ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။

ဝိသေသနပေက္ခ ဒေါသ
အဓိပ္ပာယ် - အထူးပြုသော ဝိသေသနပုဒ် လိုအပ်နေခြင်း
ဥပမာ - သူသည်မျက်စိ၊ စေ့စေ့ကြည့်၏။
အကြောင်းအရင်း - မျက်စိနဲ့ စေ့စေ့ကြည့်တယ် ဆိုပေမယ့် မုန်းလို့ ကြည့်တာလား၊ ချစ်လို့ ချစ်တာလား ဆိုတဲ့ ဝိသေသန လိုနေပါတယ်။
ဖြေနည်း - ကြည်လင်မျက်စိ၊ စေ့စေ့ကြည့်၏။
(ချစ်ခင်စွာ) စိတ်သဘောထား ကြည်လင်စွာနဲ့ ကြည့်တယ် ဆိုတဲ့ သဘောပါ။

ဟိနတ္ထက ဒေါသ
အဓိပ္ပာယ် - ဂုဏ်ကြီးမြင့်တဲ့ အရာဝတ္ထုတစ်ခုခုကို သေးသိမ်တဲ့ ပုဒ်နဲ့ ထပ်တူပြုထားခြင်း။
ဥပမာ - ပိုးစုံးရောင်ကို၊ ကုန်အောင်ပယ်ခွင်း၊ ထိုနေမင်းသည်၊ ...
အကြောင်းအရင်း - ညအမှောင်တစ်ခုလုံး၊ ကြယ်ရောင်၊ လရောင်တွေကိုပါ ဖယ်ခွင်းနိုင်တဲ့ နေမင်းကြီးကို ပိုးစုံးကြူးရဲ့ အရောင်ကို ဖယ်ခွင်းနိုင်တယ်လို့ မူလဂုဏ်ကို ညိုးငယ်အောင် ထပ်တူပြုထားတယ်။
ဖြေနည်း - လရောင်ဖွေးဖွေး၊ ပယ်နိုင်သေး၏၊ ပိုးမြေးရောင်ဟူ၊ လေးမမူသည့်၊ တစ်ဆူနေမင်း၊ ...

နေတ္ထက ဒေါသ
အဓိပ္ပာယ် - အနက်အဓိပ္ပာယ် သီးခြင်း မရှိဘဲ ကာရန်ဖြစ်ရုံ၊ ပြည့်ရုံ ထည့်ထားခြင်း
ဥပမာ - ဘိုးစဉ်ဘောင်ဆက်၊ ဘေးလက်ထက်က၊ ...
အကြောင်းအရင်း - "ဘောင်" ဆိုတဲ့ အက္ခရာဟာ သီးခြား အဓိပ္ပာယ် မရှိဘဲ ပုဒ်ကာရန် ပြည့်ရုံ ထည့်ထားတယ်။
ဖြေနည်း - ဘိုးမှစဉ်ဆက်၊ ဘေးလက်ထက်က၊ ...
အထက်က ပြထားတဲ့ ပုဒ်မှာ "ဘောင်" ဆိုတဲ့ စကားလုံးကို ပဒ ပူရဏ လို့ခေါ်ပါတယ်။ ဝါစာသိလိဋ္ဌ လို့လည်း ခေါ်ပါတယ်။

ဆက်ဖတ်ချင်သေးရင်တော့ ...

ဒေါသမကင်းသော စာ (၂)

2008-12-10

ပြီးခဲ့တဲ့ အပိုင်း (၁) မှာ ဒေါသ အမျိုးအစားထဲက အရေးအသား ရှင်းလင်းမှုနဲ့ ကျစ်လစ်မှုအပိုင်းကို ရှင်းပြခဲ့ပြီးပါပြီ။ မဖတ်ရသေးသူများ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။ စာတစ်စောင် ပေတစ်ပြောင် ငါဟဲ့ နင်ဟဲ့ ဆိုပြီး လက်ခမောင်းတန်း ရေးကြတော့မယ်ဆိုရင် ရှင်းလင်းတဲ့ ကျစ်လစ်တဲ့ အရေးအသားတွေ ဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ စာဖတ်သူအနေနဲ့ ကိုယ်ပေးချင်တဲ့ အနှစ်သာရပိုင်းကို သိနိုင်မယ်။ တွေးနိုင်မယ်။ တချို့ကျတော့လည်း မရှုပ်ရှုပ်အောင် ရေးတတ်ကြတယ်။ သူများ နားမလည်အောင် ရေးနိုင်မှ အဆင့်မြင့်တယ်လို့ ထင်ကြတယ်။ တချို့ကျ အင်မတန် ရှည်လျား ရှုပ်ထွေးတဲ့ စာကြောင်းတွေနဲ့ ကိုယ့်ရဲ့ စာပေလက်ရာကို ကိုယ်ထင်ပြကြတယ်။ စာကြောင်းရေ ၅ ကြောင်းလောက် ဖတ်ပြီးမှ ဝါကျ တစ်ကြောင်းရတယ်။ ဒီတော့ စာဖတ်သူ အနေနဲ့ အဲဒီလောက် ရှည်တဲ့ ဝါကျရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ဖွင့်ဆိုဖို့ဆိုတာ အတော်လေးကို ခဲယဉ်းသွားပြီ။ အရေးအသား ရှင်းလင်းရမယ့်အပြင် ပြေပြစ်ဖို့ပါ လိုလာပြီ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေလိုပေါ့။ စာကြောင်းရေ လေး၊ ငါး၊ ခြောက်ကြောင်းလောက် ပြီးမှ ဝါကျ တစ်ခု ရတယ်။ ဒါပေမယ့် သူရဲ့ စာကြောင်းကို အဆုံးထိ ဖတ်ပြီးတာနဲ့ ဘာဆိုလိုသလဲ ဆိုတာ တန်းသိနိုင်တယ်။ အဲဒီလို ရေးနိုင်ဖို့ ဆိုတာလည်း အတော်လေးကိုမှ မလွယ်ပဲကိုး။

ဒီပို့စ်ထဲမှာ ကျနော် အနေနဲ့ စာပေ အရေးအသားမှာ လိုအပ်တဲ့ ပြေပြစ်မှုအပိုင်းနဲ့ လိုက်ဖက်ညီမှု အပိုင်းနဲ့ ဆိုင်တဲ့ အပြစ်အနာတွေကို ဝေဖန် ခွဲပြချင်ပါတယ်။ အရေးအဖွဲ့ ပြေပြစ်မှု ဆိုတာ အဖုအထစ် အကွေ့အကောက် မရှိဘဲ ချောချောမွေ့မွေ့ ရှိခြင်းကို ဆိုလိုတာပါ။ ဝါကျ တစ်ခုကို ဖတ်လိုက်တဲ့အခါ စာဖတ်သူရဲ့ စိတ်ထဲမှာ ထောင့်မနေဘဲ ရှောရှောရှူရှူ ဝါကျဆုံးတဲ့အထိ ရောက်သွားရင် အရေးအဖွဲ့ ပြေပြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အရေးအဖွဲ့ လိုက်ဖက်မှု ဆိုတာကတော့ ဝါကျမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ ကိုယ်သုံးနှုန်းထားတဲ့ စကားလုံးတွေ လိုက်လျောညီရှိခြင်းကို ခေါ်ပါတယ်။ ဥပမာ ရှင်ဘုရင်ရဲ့ ပြောစကားတွေဟာ နန်းတွင်းသုံးစကား၊ ကြီးကျယ်မြင့်မြတ်တဲ့ စကားမျိုးတွေ ဖြစ်မှ သင့်လျော်သလို ပုဂံခေတ်အကြောင်း ပြောနေကာမှ အင်တာနက်ကြီး ပါလာပြန်ရင်လည်း နေရာမကျပြန်ဘူး။ အဲဒီလို အကြောင်းအရာနဲ့ အသုံးအနှုန်း လိုက်လျောညီထွေမှု မရှိလို့ ဖြစ်လာရတဲ့ အပြစ်အနာ ဒေါသတွေကိုလည်း ဆွေးနွေးသွားမှာပါ။

ကဲ ကျနော်တို့ အရေးအသား ပြေပြစ်မှုနဲ့ သက်ဆိုင်တဲ့ ဒေါသတွေ အကြောင်း အရင် ကြည့်ကြရအောင်။

အရေးအဖွဲ့ ပြေပြစ်အောင် ဖွဲ့တဲ့အခါမှာ ရှေ့နောက် စကားစဉ် လိုက်ဖက်အောင် ဖွဲ့ခြင်းဟာလည်း လိုအပ်ချက်တစ်ခုပဲ ဖြစ်တယ်။ ဥပမာ အနေနဲ့ ပြောရရင် "ထိုရောကာလ၊ ထိုခဏ၌၊ ထိုမျှရပ်ဝန်း၊ ထိုရဟန်းတို့" ဆိုတဲ့ အဖွဲ့ကို ကြည့်ကြည့်ပါ။ ထို ... ထို ... ထို ဆိုတဲ့ စကားစဉ်မပျက်အောင် သုံးထားတာကြောင့် ပြေပြစ်မှု ရှိနေပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ "ထိုရောကာလ၊ ထိုခဏ၌၊ ထိုမျှရပ်ဝန်း၊ ဤရဟန်းတို့" လို့ ရေးလိုက်ရင်တော့ စကားစဉ် ပျက်သွားတာကြောင့် အစဉ်ပျက်အပြစ် - ဝါကျ ဘဂ္ဂရီတိ ဒေါသ သင့်တယ်လို့ ဆိုရပါလိမ့်မယ်။

အဲဒီလိုပဲ ဝါကျဖွဲ့ရာမှာ ဝိဘတ်တွေ အစဉ်ညီညွတ်အောင် ဖွဲ့တာကလည်း ပြေပြစ်မှုအတွက် အရေးပါတဲ့ အချက်တစ်ချက် ပါပဲ။ ဝါကျတစ်ခုထဲမှာ "အမိ၌ အဖ၌ ဘိုးဘွား၌" လို့ ဝိဘတ်စဉ် ညီညွတ်အောင် ဖွဲ့ရင် ပြေပြေပြစ်ပြစ် ရှိနေပေမယ့် "အမိ၌ အဖအား ဘိုးဘွားကို" လို့ ဝိဘတ်အစဉ်ဖျက်ပြီး ဖွဲ့ရင်တော့ မညီညွတ်တော့ဘဲ ဝိဘတ်အစဉ်ပျက်သော အပြစ် - ဝါကျတ္ထဘဂ္ဂရီတိဒေါသ သင့်တယ်လို့ ဆိုပါတယ်။ အောက်က ဝါကျနှစ်ကြောင်းကို ယှဉ်ကြည့်ပါ။
၁။ ဆရာသည် ရှည်သွယ်သော အရပ်၊ ညိုမောင်းသော အသားအရေ၊ ရွှင်ချိုသော မျက်နှာတို့ဖြင့် ကျက်သရေ ရှိလှသည်။
၂။ ဆရာသည် အရပ်ရှည်ရှည် ညိုမောင်းသည့် အသားအရေနှင့် မျက်နှာကလည်း ရွှင်ချိုပြီး ကျက်သရေ ရှိလှသည်။
ဒီ ဝါကျနှစ်ခုဟာ အကြောင်းအရာချင်း အတူတူ ဖြစ်ပေမယ့် ပထမ ဝါကျက ပိုပြီး ပြေပြစ်တယ်ဆိုတာ ထင်ရှာပါတယ်။

အရေးအဖွဲ့ ပြေပြစ်ဖို့အတွက် နားဝင်မချိုတဲ့ အသံကြမ်းတွေကို ရှောင်ဖို့လည်း အလင်္ကာကျမ်းများက ညွှန်းဆိုထားပါသေးတယ်။ အရွတ်အဖတ်ခက်တဲ့ အသံကြမ်းတွေပါရင် အသံကြမ်းအပြစ် - ဗန္ဓဖရုသဒေါသ သင့်တယ်လို့ ဆိုပါတယ်။ "ခက်ခက်ခဲခဲ တွက်ချက်၍ ကုတ်ကုတ်ခြစ်ခြစ် လုပ်လျက်" ဆိုတဲ့ အရေးအသားမျိုးမှာ အရွတ်အဖတ် ခက်တဲ့ အပြေပြစ်တဲ့ သဘောကို တွေ့ပါလိမ့်မယ်။

အကြောင်းအရပ် တစ်ခုကို အထူးပြုဖို့ လုပ်မယ်ဆိုရင်လည်း အဲဒီ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ ဝိသေသနမျိုး ဖြစ်ဖို့ လိုပါတယ်။ "အရပ် ဆယ်မျက်နှာလုံး ထွန်းလင်းတောက်ပသော ဆီးမီးခွက်ငယ်" မှာလို ဆီးမီးခွက်ငယ်မှာ ရှိသင့်တဲ့ ဂုဏ်ထက် အများကြီး ပိုလွန်ပြီး ဖွဲ့ရင် ဂုဏ်လွန်အပြစ် - အဓျတ္ထဒေါသ သင့်တယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ၊ "ကကြီး ခခွေး မှန်အောင် ရေးတတ်သော ပညာရှိကြီး" မှာလို ပညာရှိကြီးမှာ ရှိသင့်တဲ့ ဂုဏ်ထက် အများကြီး ယုတ်နိမ့်အောင် ဖွဲ့ထားရင်လည်း ဂုဏ်ယုတ်အပြစ် - ဟီနတ္ထကဒေါသ သင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝိသေသန ပြုခံရတဲ့ အရာထက် မမြင့်လွန်း မနိမ့်လွန်းတဲ့ လိုက်ဖက်တဲ့ အထူးပြုမှုမျိုးသာ သင့်လျော်ပါလိမ့်မယ်။

"လှည်းဦး၌ ပစ်ထားသော ရွှေဖရုံသီးဖတ်ကို ကျီးချီသွားရာ လှည်းပါ ကပ်ပါသွားသည်" မှာလို အလွန်အကျွံ ရေးဖွဲ့ရင်လည်း စကားလွန်အပြစ် - အတိဝုတ္ထဒေါသ သင့်တယ်လို့ ဆိုပါတယ်။ အကြောင်းအရာနဲ့ လိုက်ဖက်ရုံလောက်ပဲ ဖွဲ့ဖို့ တောင်းဆိုထားပါတယ်။

နောက်ပြီး "အနောက်က နေထွက်၏" လို နေရာဒေသ ဆန့်ကျင်မှု၊ "ဆောင်းတွင်းမှာ တောင်လေလာ၏" လို အချိန်ကာလ ဆန့်ကျင်မှု၊ "သားကို အဖေက ရိုသေရမည်" လို လောကဆန့်ကျင်မှု၊ "မီးသည် အေး၏" လို ယုတ္တိမရှိမှု၊ "ဒါနသီလပြုရင် ကုသိုလ်မရ" လို စာပေကျမ်းဂန်နဲ့ ဆန့်ကျင်မှုတွေ ပါလာခဲ့ရင် ဖြစ်ရိုးဆန့်ကျင်အပြစ် - ဝိရောဓိဒေါသ သင့်ပါတယ်။

ရိုင်းပျသော အပြောအဆို အရေးအသားတွေ ဖွဲ့ဆို ရေးသားထားရင် စကားရိုင်းအပြစ် - ဝါကျကမ္မဒေါသ သင့်ပါတယ်။

ရှေးသီချင်းကြီး တစ်ပုဒ်မှာ "ဥသျှောင်ကျင်-ငယ်လေး" လို့ ဆိုရမယ့်အစား "ဥသျှောင်-ကျင်ငယ်လေး" လို့ ဆိုမိတဲ့အတွက် "ကျင်ငယ်" ဆိုတဲ့ အနက်ရိုင်း ထွက်တာကြောင့် အနက်ရိုင်းအပြစ် - ဝါကျတ္ထ ကမ္မဒေါသ သင့်တယ်လို့ ဆိုပါတယ်။

"ဘုရား၊ တရား၊ သံဃာ" လို့ ဆိုရမယ့်အစား "ဘုရား၊ သံဃာ၊ တရား" လို့ ဆိုရိုးဆိုစဉ် ဖျက်ပြီး ဆိုခဲ့ရင် ဆိုရိုးဆိုစဉ်ပျက်အပြစ် - ကမစ္စုတဒေါသ သင့်ပါတယ်။

"အသက်ကိုပင် စွန့်ရန် ဝန်မလေးပါလျက် သူခိုး ခိုးခံရ၍ တုန်လှုပ်သည်" မှာလို ရှေ့နောက် မညီမညွတ် ဖွဲ့ရင် ယုတ္တိမဲ့အပြစ် - သြစိတျဟီနဒေါသ သင့်တယ်လို့ ဆိုပါသေးတယ်။

အထက်မှာ ဖော်ပြပေးထားတဲ့ အပြစ်အနာ ဒေါသတွေကို လေ့လာပြီး သဘောပေါက် ရှောင်နိုင်ရှားနိုင် ဂရုစိုက်နိုင်မယ် ဆိုရင် မိမိရဲ့ အရေးအသား အဖွဲ့အနွဲ့တိုင်းဟာ ရှင်းလင်းမှု၊ ကျစ်လစ်မှု၊ ပြေပြစ်မှု၊ လိုက်ဖက်မှု ဆိုတဲ့ လက္ခဏာကောင်းတွေ ပြည့်စုံတဲ့ အသီးအပွင့် ရလဒ်ကောင်းတွေကို ခံစားနိုင်မှာ ဖြစ်တယ်။ တခြားသူ ရေးထားတဲ့ စာတွေကို အကဲဖြတ်တဲ့ နေရာမှာလည်း ဒီနည်းနာတွေဟာ တနည်းတဖုံ အထောက်အပံ့ ဖြစ်နိုင်ပါလိမ့်မယ်။ အထက်က ဖော်ပြထားတဲ့ ဒေါသအပြစ်တွေကို ရှောင်ရှားပြီး လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ဒီပို့စ်လေးဟာ အဖိုးတန် လမ်းညွှန်ချက်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဆက်ဖတ်ချင်သေးရင်တော့ ...

ဒေါသမကင်းသော စာ

2008-12-08

ဒေါသ ဆိုတာ အပြစ်အနာကို ခေါ်ပါတယ်။ ဒေါသသင့်တဲ့ စာ ဆိုတာကတော့ အပြစ်အနာ မကင်းတဲ့ စာပေါ့။ အပြစ်အနာကို သိလို့ ဖြေဖျောက်နိုင်မယ်၊ ရှောင်ရှားနိုင်မယ် ဆိုရင် ဒေါသကင်းတဲ့ စာ ရလာပါလိမ့်မယ်။ ဒါဆို ကျနော်တို့အနေနဲ့ ဒေါသတွေက ဘာတွေလဲဆိုတာကို သိဖို့ လိုလာတာပေါ့။ ဒေါသတွေအကြောင်းကို အလင်္ကာကျမ်းတွေမှာ အကျယ်တဝံ့ ရေးထားပါတယ်။ အလင်္ကာကျမ်း အများစုရဲ့ မြစ်ဖျားခံရာ မူလဘူတ ကျမ်းကတော့ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) က အရှင်သင်္ဃရက္ခိတမဟာသာမိမထေရ် ပါဠိလို ရေးဖွဲ့ထားတဲ့ သုဗောဓာလင်္ကာရကျမ်းပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းဟာ ပုဂံခေတ်လောက်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာဘာသာနဲ့ ခေတ်အဆက်ဆက်က ပြန်ဆိုရေးသားခဲ့ကြတယ်။

စာဖတ်သူ တချို့ဟာ မြန်မာစာပေနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရမှာ အင်မတန်မှ ပျင်းရိကြတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကျနော် ဒီပို့စ်ကို ရေးမှ ဖြစ်မယ်။ ဘာကြောင့် ရေးကိုရေးရသလဲ ဆိုတာ သိရအောင် ကျနော်ရဲ့ ရည်ရွယ်ချက်ကို ချပြမှ ဖြစ်မယ်။ အကြီးမားဆုံး ရည်ရွယ်ချက်ကတော့ စာရေးသူတွေ အပြစ်ကင်းတဲ့ စာဖြစ်ဖို့ အပြစ်တွေကို သိစေချင်တယ်။ နောက်ရည်ရွယ်ချက်က စာဖတ်သူတွေ အတွက်ပါ။ ဒီစာကို ဖတ်ရတာ ထောက်နေတယ်လို့ သိတယ်။ အပြစ်အနာ ရှိနေတယ်။ ဒါပေမယ့် ဘာကြောင့် ထောက်နေသလဲ မဝေခွဲတတ်ဘူး။ အနာမသိ ဆေးမရှိပါဘူး။ ဒီတော့ အနာသိမှ ဖြစ်မယ်။ ဒီပို့စ်ကို ဖတ်ပြီး အပြစ်အနာတွေ ရှာတတ်လာစေချင်တယ်။ ဒါမှ ဝေဖန်နိုင်မယ်။ အကြံပြုနိုင်မယ်။ ဝေဖန်၊ အကြံပြုနိုင်မှ စာကောင်းတွေ ထွက်လာမယ်။ တိုးတက်တဲ့ အရေးအသားတွေ ဖြစ်လာမယ်။ ရေးတဲ့သူကော၊ ဖတ်တဲ့သူပါ အကျိုးရှိစေချင်တယ်။ စာဖတ်သူဟာ ကိုယ်တိုင်လည်း စာရေးတယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။ ကျနော် တတ်လို့ ရေးတာ မဟုတ်ပါဘူး။ သိတော့ တာဝန်ရှိတယ်လို့ ယူဆမိလို့ ရေးသားမျှဝေတာ ဖြစ်ပါတယ်။ ကြိုတင် ပြောစရာ ရှိတာက ပါဠိနာမည်တွေကြောင့် အခက်မတွေ့စေချင်ပါဘူး။ ကျော်ဖတ်သွားလည်း ဖြစ်နေပါတယ်။

ဝါကျရဲ့ ဒေါသကို ပြတဲ့အခါမှာ နှစ်ပိုင်း ခွဲပြီး ဆွေးနွေးချင်ပါတယ်။
တစ်ပိုင်းက အရေးအဖွဲ့ ရှင်းလင်းမှုနဲ့ ကျစ်လစ်မှု အပိုင်း နဲ့
နောက်တစ်ပိုင်းက အရေးအဖွဲ့ ပြေပြစ်မှုနဲ့ လိုက်ဖက်မှု အပိုင်း ပါ။

စကားသုံးနှုန်းတဲ့အခါမှာ ဆန့်ကျင်ဖက် အနက်နှစ်မျိုး ထွက်အောင် မသုံးရပါဘူး။ ဒီလိုဆို အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း ဘယ်ထွက်တော့မလဲ။ "တောင်" ဆိုတဲ့ စကားလုံးဟာ တောင်အရပ်လို့ အဓိပ္ပာယ်ထွက်သလိုပဲ တောင်ကုန်းလို့လည်း ယူဆလို့ ရနေပါတယ်။ ဒါဆို "တောင်ဆီသို့ မျှော်ငေးနေမိပါသည်" ဆိုတဲ့ ဝါကျကို ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ။ စကား အဆက်အစပ် မပြည့်စုံရင် အဓိပ္ပာယ်လည်း ဝေဝါးသွားပါတယ်။ ဒီလို အဓိပ္ပာယ် နှစ်မျိုးထွက်တာကြောင့် ဆန့်ကျင်ဘက်အပြစ် - ဝိရုဒ္ဓတ္ထန္တရဒေါသ သင့်တယ်လို့ ဆိုပါတယ်။

အသိခက်တဲ့ စကားမျိုးကို သုံးရင်လည်း မရှင်းမလင်း ဖြစ်တာမို့ စကားခက်အပြစ် - ကိလိဠဒေါသ သင့်ပါတယ်။ "နေထွက်လုပြီ" လို့ ရေးရင် လူတိုင်း သိနိုင်ပေမယ့် "ပြဘင်္ကရု၊ ဖန်နေနန်းလည်း ပေါ်ထွန်းလုပြီ" လို့ ရေးလိုက်ခြင်း အားဖြင့် ဘာဆိုလိုမှန်း မသိဘဲ ဖြစ်သွားနိုင်ပါတယ်။

ထည့်သင့်တဲ့ အကြောင်းပြစကားကို မထည့်ဘဲ ထားရင်လည်း မရှင်းမလင်း ဖြစ်တတ်ပါတယ်။ "ညအခါ အရပ်ဆယ်မျက်နှာလုံး ဖွေးဖွေးဖြူလျက် ရှိ၏" လို့ ရေးရင် ဘာကြောင့် ဖြူမှန်းမသိနိုင်တာကြောင့် မရှင်းမလင်း ဖြစ်ရတယ်။ စကားလိုအပြစ် - နေယျဒေါသ လို့ ခေါ်ပါတယ်။ "ညအခါ အရပ်ဆယ်မျက်နှာလုံး လရောင်ကြောင့် ဖွေးဖွေးဖြူလျက် ရှိ၏" လို့ ရေးရင် "လရောင်ကြောင့်" ဆိုတဲ့ အကြောင်းပြစကားကြောင့် ရှင်းရှင်းလင်းလင်း ဖြစ်သွားစေပါတယ်။

အဲဒီလိုပဲ ထည့်သင့်တဲ့ အထူးပြုစကားကို မထည့်ဘဲ ထားရင်လည်း မရှင်းမလင်း ဖြစ်တတ်တာကြောင့် ဂုဏ်ထူးလိုအပြစ် - ဝိသေသနပေက္ခဒေါသ သင့်ပါတယ်။ "မျက်စိဖြင့် ကြည့်၏" လို့ ရေးရင် ဘာမှ မထူးတဲ့အပြင် "မျက်စိဖြင့်" က ပိုနေသလိုပါပဲ။ "ချစ်သော မျက်စိဖြင့် ကြည့်၏" လို့ ရေးရင်တော့ "မျက်စိဖြင့်" က အပိုမဖြစ်တဲ့အပြင် "ချစ်သော" ဆိုတဲ့ အထူးပြုကြောင့် ဆိုလိုတဲ့ အဓိပ္ပာယ် ပိုရှင်းသွားတာ တွေ့ရပါလိမ့်မယ်။

"သာယာ ပျော်မွေ့ဖွယ် ကောင်းသော မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် ကျွန်တော် နေသည်" ဆိုတဲ့ ဝါကျမှာ မြို့က သာယာ ပျော်မွေ့ဖွယ် ကောင်းတာလား၊ ရပ်ကွက်က ပျော်မွေ့ဖွယ် ကောင်းတာလား။ အဲဒီလို ဝါကျဖွဲ့ရာမှာ စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားရင် ပုဒ်ထားရှုပ်အပြစ် - ဗျာကိဏ္ဏဒေါသ သင့်ပါတယ်။

ဝါကျတွင်းပုဒ်တွေ ရှေ့နောက် ထားရာမှာလည်း အဆက်အစပ်မှန်မှန် ထားဖို့ အရေးကြီးပါတယ်။ "ခွေးနှင့်ဆိတ်သည် မြက်နှင့် အမဲသားကို အသီးသီး စားကြ၏" ဆိုတဲ့ ဝါကျမှာ ခွေးက မြက်ကိုစားပြီး ဆိတ်က အမဲသားကို စားတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။ အဲဒီလို အရှေ့အနောက် အစီအစဉ် အစပ်အဟပ် ပျက်ရင် ဟပ်စဉ်ပျက်အပြစ် - အပက္ကမဒေါသ လို့ ခေါ်ပါတယ်။

ဝါကျရဲ့ အနက်ကိုလည်း တစ်မျိုးထက် ပိုမထွက်အောင် ဖွဲ့ဖို့ လိုအပ်ပါတယ်။ "ခွေးဖြူ တော မတိုးဝံ့" ဆိုတဲ့ စကားပုံ ဝါကျကိုပဲ ကြည့်ပါ။ စကားတစ်လုံးချင်းစီ အနေနဲ့ ရှင်းပြစရာ မလိုပေမယ့် ဝါကျထဲ ထည့်လိုက်တဲ့အခါမှာ ခွေးက ဖြူ (ဆူးရှိတဲ့ အကောင်)တွေထဲ မတိုးဝံ့တာလား၊ ခွေးဖြူက တောထဲ မတိုးဝံ့တာလားလို့ တွေးစရာ ဖြစ်လာတယ်။ ဒီအဖြစ်မျိုးကို ယုံမှားဖွယ်ရှိအပြစ် - သ သံသယဒေါသ လို့ ခေါ်ပါတယ်။ ဒီပြဿနာမျိုးမှာ "ဖြူတောထဲ ခွေးမတိုးဝံ့" ဆိုသလို ပုဒ်အထားအသို ပြောင်းဖွဲ့လိုက်ရင်ပဲ အဓိပ္ပာယ် ရှင်းလင်းသွားပါတယ်။

"လေဘောလုံးကို ကိုင်မြှောက်လျက်" ဆိုတဲ့ စကားမှာ "ဘောလုံး" ဟာ "လေ"မပါဘဲ သီးသန့် ရပ်တည်နိုင်တဲ့ အပြင် "လေ" နဲ့ တွဲသုံးလည်း ဘာမှ မထူးခြားတာကြောင့် အပိုစာလုံး ဖြစ်နေပါတယ်။ စကားသုံးနှုန်းရာမှာ အနက်အဓိပ္ပာယ် အထူးမရှိဘဲ အပိုထည့်ထားတဲ့ စကားမျိုးပါရင် အနက်မဲ့အပြစ် - အနတ္တဒေါသ လို့ ခေါ်ပါတယ်။ စကားပိုနေတဲ့အတွက် ကျစ်ကျစ်လစ်လစ် မရှိဘဲ ဖြစ်နေတတ်ပါတယ်။

ဝါကျဖွဲ့ရာမှာ စကားတူ၊ အနက်တူတွေ ထပ်နေရင်လည်း အနက်ထပ်အပြစ် - ဧကတ္ထဒေါသ လို့ ခေါ်ပါတယ်။ စကားထပ်နေတာကြောင့် ကျစ်လျစ်မှု မရှိဘဲ ဖြစ်နေတတ်တယ်။ "စာသင်ကြားရာ စာသင်ကျောင်း" မှာလို အနက်အဓိပ္ပာယ်တူ စကားတွေ ထပ်သုံးရင် ဒီ အပြစ် သင့်ပါတယ်။

ဒေါသ အပြစ်တွေကို မြင်ပြီး ရှောင်နိုင် ရှားနိုင်မယ်ဆိုရင် လိုက်နာ သီကုံးနိုင်ရင် ရိုးရှင်းကျစ်လျစ်ပြီး ဖတ်ရလွယ်ကူတဲ့ စာပေ အရေးအသားမျိုးတွေ ပိုင်ဆိုင်လာနိုင်ပါတယ်။ အလင်္ကာကျမ်းကြီးတွေမှာ ခန့်ခန့်ညားညား ရေးသားထားတာက တစ်ကြောင်း၊ ပါဠိနာမည်တွေ မြင်ရုံနဲ့ မဖတ်ချင်တာက တစ်ကြောင်းကြောင့် ဒီဒေါသတွေအကြောင်းကို နှံ့နှံ့စပ်စပ် သိဖို့ မလွယ်ကူခဲ့ပါဘူး။ ဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ စကား၊ စာ၊ အလင်္ကာ ဆိုတဲ့ စာအုပ်ထဲမှာ ပုံမှန်လူတစ်ယောက် ဖတ်မှတ်နိုင်တဲ့ အရေးအသားနဲ့ ရှင်းပြထားတာ တွေ့ရလို့ ကျနော်အနေနဲ့ ပြန်လည် စီကုံးပြီး အသိပညာ မျှဝေခြင်းသာ ဖြစ်ပါတယ်။ ဒီနည်းနာတွေကို စနစ်တကျ လေ့လာပြီး လက်တွေ့ အသုံးချနိုင်မယ် ဆိုရင် စာ အရေးအသားပိုင်း နည်းလမ်းကောင်းတွေ အဖြစ်နဲ့ အများကြီး အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်မှ အရေးအဖွဲ့ ပြေပြစ်မှုနဲ့ လိုက်ဖက်မှု အပိုင်းကို ဆက်ဆွေးနွေးပါ့မယ်။

(ဆက်ရန်)

ဆက်ဖတ်ချင်သေးရင်တော့ ...

မြန်မာစာ၊ မြန်မာစကား

2008-12-04

မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာကို မှန်အောင် မရေးနိုင်မှာ ကျွန်မ အလွန်ပဲ စိုးရိမ်မိပါတယ်။ တခါမှလည်း မြန်မာစာ သတ်ပုံကျမ်းတွေ၊ ဘာတွေ မဖတ်ဘူးတဲ့အတွက် ကိုယ်ရေးသမျှ အမှန်လို့ စိတ်မချနိုင် ဖြစ်ရပါတယ်။ အဲဒီအတွက် (ပြီးခဲ့တဲ့ တနှစ်လောက်က) အန်တီငြိမ်းက "မြန်မာစာ သတ်ပုံကျမ်း"စာအုပ်ကို pdf ဖိုင်နဲ့ ပို့ပေးသော်လည်း ကိုယ်ရေးတာ မှန်မှာပါလို့ ယုံကြည်ချက်အနည်းငယ်နဲ့ သတ်ပုံကျမ်းကို တခါပဲ ဖွင့်ဖတ်ဖူးပါတယ်။ မနေ့ကမှ အန်တီငြိမ်းပေးထားတာ ကြာပြီဖြစ်တဲ့၊ မြန်မာစာ သတ်ပုံကျမ်းလိုပဲ ကျွန်မ တခါမှ ဖွင့်မကြည့်ဖြစ်တဲ့ "မြန်မာစာ၊ မြန်မာစကား"ဆိုတဲ့ pdf ဖိုင်ကို ဋ္ဋီကာ(တီကာ)ရဲ့ အသံထွက် ရှာတွေ့လို၊ ရှာတွေ့ငြား ဖွင့်ဖတ်မိတယ်။ အရင်က ဋ္ဋီကာ ကို ကျွန်မက ဏီကာတို့၊ လီကာတို့ အသံထွက်ပါတယ်။ အခုမှ တီကာလို့ အသံထွက်ရမှန်း သိတယ်။ :D ဋ္ဋ(တသလင်းချိတ်) ပါဆိုမှ တ(တ၀မ်းပူ) အသံထွက်ရမှာကို ကျွန်မ သတိမမူမိဘူးလေ။ ဒီလိုနဲ့ ကျွန်မ သိလိုတာတွေ ရှိဦးမလား ဆက်ဖတ်ရင်းနဲ့ ကျွန်မ အမြဲ မသဲမကွဲဖြစ်ရတဲ့ အရေးအသားတချို့ကို တွေ့ရတော့ ကျွန်မလိုပဲ ဇဝေဇ၀ါ ဖြစ်နေသူများအတွက် ပြန်လည် မျှဝေချင်လာပါတယ်။

*** ***** ***

ဖက် နှင့် ဘက်
အနက်သဘောအားဖြင့် ဖက် မှာသာ အနက်ရှိပေသည်။ ဘက် မှာ အနက် မရှိပါ။ သို့ရာတွေ အရာဌာနတိုင်း အနက်စွဲရေးပြီး၊ ရေးသည့်အတိုင်း အသံထွက်ရိုး မရှိပါ။ ရေးတော့ အမှန်၊ ဖတ်တော့ အသံ ဟု ပြောစမှတ်ပြုသည်။ ဤသည်ကို လိုက်၍ အသံအတိုင်း ရေးကြရသည်လည်း ရှိသည်။ အသံစွဲ အရေး ဟုဆိုနိုင်သည်။ ဖက် နှင့် ဘက် လည်း သည်အတိုင်းပင်ဖြစ်သည်။ ဖက် ကား အနက်စွဲအရေး၊ ဘက် ကား အသံစွဲအရေး။

ဖက် ကို အောက်ပါတို့၌ သုံးသည် ---
၁။ ကြိယာ ဖက်

သာဓက။ ။စုံဖက်၊ စွက်ဖက်၊ ဖက်စပ်၊ ဖက်တွဲ၊ လိုက်ဖက်၊ ယှဉ်ဖက်၊ ဆွဲဖက်၊ တွဲဖက် စသည်တို့ကဲ့သို့သော ကြိယာများ။


၂။ အဖော်အဖက်

သာဓက။ ။ကူဖော်လောင်ဖက်၊ ကြင်ဖော်ကြင်ဖက်၊ ဆေးဖော်ကြောဖက်၊ ဆေးဖော်ဝါးဖက်၊ လုပ်ဖော်ကိုင်ဖက်၊ သွားဖော်လာဖက် စသည်တို့ကဲ့သို့သော ဖော်_ဖက် တွဲလုံးများ။


၃။ သင်္ချာနှင့်တွဲသော ဖက်

သာဓက။ ။တဖက်တချက်၊ နှစ်ဦးနှစ်ဖက်၊ သုံးဖက်မြင်၊ လေးဖက်နာ၊ အနားငါးဖက်ပဉ္စဂံ၊ လေးလုံးခြောက်ဖက် စသည်ဖြင့် ရှေ့တွင် အရေအတွက် သင်္ချာပါသော အရေးအသားများ။


ဘက် ကို အောက်ပါတို့၌ သုံးသည်---
၁။ အရပ်မျက်နှာနှင့်တွဲလျှင် ဘက်

သာဓက။ ။အရှေ့ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်။

၂။ တည်နေရာနှင့်တွဲလျှင် ဘက်

သာဓက။ ။အိမ်ဘက်မှာ၊ ဈေးဘက်မှာ၊ မြစ်ဘက်မှာ၊ ရွာဘက်မှာ၊ တောဘက်မှာ၊ ၀ဲဘက်၊ ယာဘက်။

၃။ သူ၊ ငါ၊ ကျား၊ မ စသည်နှင့်တွဲလျှင် ဘက်

သာဓက။ ။ သူ့ဘက်၊ ငါ့ဘက်၊ ကိုယ့်ဘက်၊ ယောက်ျားဘက်၊ မိန်းမဘက်၊ လင်ဘက်၊ မယားဘက်၊ အဖေ့ဘက်၊ အမေ့ဘက်၊ ဆရာ့ဘက်၊ တပည့်ဘက်။

၎။ အာဒိစကားလုံး (အစ စကားလုံး) ဖြစ်လျှင် ဘက်

သာဓက။ ။ဘက်ကန်၊ ဘက်စုံ၊ ဘက်ပေါင်းစုံ၊ ဘက်လိုက်၊ ဘက်မလိုက်။

ဤတွင် ခြွင်းချက် တခုရှိသည်။ အဖော်အဖက်မှန်သမျှကို ဖော်_ဖက်ဟု ဖဦးထုပ်နှင့် ရေးသော်လည်း ရဲဘော်ရဲဘက်၊ ရဲဘော်၊ ရဲဘက် တို့ကိုမူ ဘကုန်းနှင့်ပင် ရေးရန်ဖြစ်သည်။ အရေးတွင်ကျယ်မှုအရ ခြွင်းချက်ဟု မှတ်နိုင်သည်။

အောက်ပါ ဆောင်ပုဒ်ဖြင့် မှတ်နိုင်သည်---
အရပ်မျက်နှာ၊ တည်နေရာ၊
သူငါကျားမ၊ အာဒိစ၊ ရေးကြဘကုန်းနှင့်။
ကြိယာဖက်၊ အဖော်ဖက်၊
ယှဉ်လျက်သင်္ချာ၊ ရေတွက်ခါ၊ ရေးပါဦးထုပ်နှင့်။
ရဲဘော်ရဲဘက်၊ မျှသာပက်၊
ခြွင်းချက်ထားကုန်လင့်။

*** ***** ***
နောက်ရက်မှ ဖူး နှင့် ဘူး ကွဲပြားရေးသားပုံကို ကူးယူပြပါဦးမယ်။

မြန်မာစာ၊ မြန်မာစကား နှင့် မြန်မာ သတ်ပုံကျမ်းကို ဒေါင်းလုတ် လုပ်လိုသူများ အတွက်...


ရွှင်လန်း ချမ်းမြေ့ကြပါစေ။

ကိုးကား။ ။၁၉၉၃၊ ဩဂုတ်လတွင် ထုတ်ဝေသော ပညာရေးဝန်ကြီးဌာန မြန်မာစာအဖွဲ့၏ "မြန်မာစာ၊ မြန်မာစကား"

s0wha1 ၏ ကာရန်မဲ့ အတွေးစများ ဘလော့ဂ်မှ ကူးယူတင်ပြသည်။

ဆက်ဖတ်ချင်သေးရင်တော့ ...

သူငယ်ချင်းကောင်း ယောက်ဖတို့ရေ ...

2008-12-02

ကျနော်တို့ သိပ်ကိုခင်တဲ့ သူငယ်ချင်း အချင်းချင်း ခေါ်ကြတဲ့အခါမှာ ယောက်ဖရေလို့ ခေါ်တယ်။ တချို့ကျ နှမချောလေး ရှိလို့ပေါ့။ တချို့ကျ မရှိပေမယ့် ခေါ်ရတာ ခံတွင်းတွေ့သလိုပဲ။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပုံချင်း မတူကြဘူး။ တစ်ယောက်တည်းကိုပဲ တခြားသူတွေက တစ်မျိုးစီ ခေါ်ကြတယ်လေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရာမှာ "ဘယ်သူရေ"၊ "ဘယ်ဝါရေ" ဆိုပြီး ရည်ညွှန်းခေါ်တဲ့ စကားလုံး အသုံးအနှုန်းတွေ အများကြီး ရှိပါတယ်။ အဲဒီလို စကားလုံးတွေကို ပါဠိလို အာလပန လို့ ခေါ်တယ်။ အာလုပ်စကားလို့ မြန်မာမှု ပြုထားကြတယ်။ ဘာသာဗေဒက Address Term လို့ ခေါ်ပါတယ်။

လူတိုင်းလူတိုင်း နေ့တိုင်းလိုလို အာလုပ်စကားတွေ သုံးပြီး ဆက်ဆံနေကြတာကို မြင်နိုင်ပါတယ်။ လူတစ်ယောက်က နောက်တစ်ယောက်ကို ခေါ်တဲ့အခါမှာ သုံးတဲ့ အာလုပ်စကားကို ကြည့်ရင် နောက်ကွယ်မှာ အင်မတန် သိမ်မွေ့တဲ့ လူမှုဆက်ဆံရေး သဘောတရားတွေ ထင်ဟတ်နေတဲ့အတွက် အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စဉ်းစားကြည့်ကြည့်လိုက်လေ။ အဖေလုပ်တဲ့သူကို သားသမီးတွေက အဖေ၊ ဖေဖေ၊ ဒယ်ဒီ၊ ပါပါး၊ ဖေကြီး လို့ အမျိုးမျိုး ခေါ်ကြတယ်။ သူငယ်ချင်းနှစ်ယောက် စိတ်လိုလက်ရ စကားပြောရင် သယ်ရင်း ဆိုပြီးခေါ်တယ်။ စိတ်ဆိုးရင်တော့ ဟဲ့ကောင် တဲ့။ ဒီထက် ပိုတင်လာရင်တော့ သေနာ ဆိုပြီး အာလုပ်ခေါ်တယ်။ ဒီတော့ အာလုပ်ကို မူတည်ပြီး ပြောတဲ့လူရဲ့ စိတ်ခံစားမှုကို သိနိုင်သလို ပြောသူနှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာကိုလည်း မှန်းဆနိုင်တာပေါ့။

အာလုပ်စကားတစ်ခွန်းဟာ ခေါ်သူနဲ့ အခေါ်ခံသူတွေရဲ့ အသက်အရွယ် အနေအထား၊ လူမှုအဆင့်အတန်း အခြေအနေ၊ ရင်းနှီးမှု အတိုင်းအတာ၊ ကျားမ ကွဲပြားမှု၊ ခေါ်သူက အခေါ်ခံရသူ အပေါ် ထားတဲ့ သဘောထား စတာတွေကို သိမ်သိမ်မွေ့မွေ့လေး ထင်ဟပ်ပြနေပါတယ်။ မြန်မာတွေ နေ့စဉ် သုံးနေတဲ့ အာလုပ်စကားတွေကို လေ့လာကြည့်ရင် (၁) နာမည်၊ (၂) ဆွေးမျိုးစပ် အခေါ်အဝေါ် နှင့် (၃) အလုပ်အကိုင် ရာထူး အခေါ်အဝေါ်တွေမှာ မူတည်ပြီး အာလုပ်ပြုလေ့ရှိတယ် ဆိုတာ တွေ့ရတယ်။

အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ သား၊ သမီး၊ အဒေါ်၊ ဦးလေး၊ တူ၊ တူမ၊ အဘိုး၊ အဘွား၊ မြေး စသဖြင့် ဆွေမျိုးစပ် စကားတွေနဲ့ အာလုပ်ပြုပြီး ခေါ်လေ့ရှိတယ်။ ဖေဖေ၊ မေကြီး၊ ကိုကို၊ ညီညီ၊ မမ၊ သားသား၊ မီးမီး၊ ဦးဦး၊ ဒေါ်ဒေါ်၊ ဘိုးဘိုး၊ ဘွားဘွား၊ သားသားလေး၊ မီးကြီး၊ မီးငယ်၊ ကိုကိုကြီး စတဲ့ အသုံးအနှုန်းတွေကို ကြည့်ရင် ချစ်ခင် ရင်းနှီးတဲ့ အငွေ့အသက်တွေ အပြည့်အဝ ပါတဲ့ အာလုပ်စကားတွေလို့ လူတိုင်း ခံစားလို့ရမှာပါ။ အဖေနဲ့ သားက "ဖေဖေရေ" "သားရေ" လို့ အာလုပ်ပြုပေမယ့် ယောက္ခမနဲ့ သားမက်ကျတော့ "ယောက္ခမကြီးရေ" "သားမက်လေးရေ" လို့ သုံးတာ မတွေ့ရပါဘူး။ ကွယ်ရာတော့ ပြောကြမလား မသိဘူးနော်။ ဆွေမျိုး မတော်စပ်ကြပေမယ့် ခုနက ဆွေမျိုးစပ်စကားတွေကို သုံးပြီး အာလုပ်ပြုတတ်တဲ့ မြန်မာဓလေ့ကိုလည်း တွေ့နိုင်ပါတယ်။ အသက်အရွယ်ပေါ် မူတည်ပြီး အဘ၊ အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ၊ ညီလေး စတဲ့ အာလုပ်စကားတွေနဲ့ ရင်းနှီးတဲ့ သဘောကို ဆောင်ချင်လို့ သုံးကြတယ်။ ထူးဆန်းတာ တစ်ခုက အဘွားအရွယ်ကို "အဘွား"၊ အမေအရွယ်ကို "အမေ" လို့ ခေါ်တတ်ကြပေမယ့် အဖေအရွယ်ကို "အဖေ" လို့ ဘယ်သူမှ မခေါ်ကြဘူးလေ။

အလုပ်အကိုင် ရာထူး အခေါ်အဝေါ်နဲ့လည်း အာလုပ်ပြုပါသေးတယ်။ ဆရာ၊ ဆရာမ၊ ဒေါက်တာ၊ ဗိုလ်ကြီး၊ ရှေ့နေကြီး အပြင် ဒီဂျီ၊ အမ်ဒီ၊ ဂျီအမ်၊ ဘောစိ၊ မှူးကြီး စသဖြင့်လည်း အာလုပ်ပြုလေ့ရှိတယ်။ "တပည့်တော်" "ဆရာတော်ဘုရား" စတာတွေလည်း အကြုံးဝင်တာပေါ့။ အလုပ်အကိုင် အခေါ်အဝေါ်တွေကို နာမည်နဲ့တွဲပြီး "ဒေါက်တာလှရွှေ" "ဆရာကြီးဦးဖိုးကျား" "ဗိုလ်ကြီးကျော်လွင်" "သခင်မြ" စသဖြင့်လည်း အာလုပ်ပြု သုံးနှုန်းလေ့ရှိတယ်။ နာမည် တွဲဘက်လိုက်ရင်ပဲ အလုပ်သဘောထက် လူချင်း သိကျွမ်း ရင်းနှီးမှု သဘောကို ရွေ့လျားသွားတယ်လို့ ဆိုနိုင်ပါတယ်။

အာလုပ်စကားရဲ့ နောက်က တွဲလေ့ရှိတဲ့ ပစ္စည်းစကားတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါသေးတယ်။ "ရေ" "ရယ်" "ရာ" "ရ" တွေကို အသုံးများတယ်။ "မောင်မောင်ရေ" လို့ ခေါ်ရင် မောင်မောင်က ခပ်ဝေးဝေးမှာ ရောက်နေလို့ လှမ်းခေါ်မှန်း သိသာတယ်။ "ရယ်" ကတော့ တိုင်တည်တဲ့သဘော၊ တောင်းပန်တဲ့သဘော၊ ချော့မော့ ဖြေသိမ့်တဲ့ သဘောတွေ ပါဝင်ပါလိမ့်မယ်။ "ဟုတ်ပါတယ် ကိုကိုရယ်" ဆိုတဲ့ စကားမှာ တောင်းပန်၊ ချော့မော့၊ ဖြေသိမ့်တဲ့ လေသံ ပါနေပါတယ်။ "ရာ" ကတော့ ရင်းရင်းနှီးနှီး အားပါးတရ ပြောတဲ့ လေသံပါတယ်။ "ဟုတ်တာပေါ့ မောင်ရင်ရာ" "လိမ္မာစမ်းပါ ညီလေးရာ" ဆိုတဲ့ အသုံးတွေမှာ ရင်းနှီးတဲ့ အငွေ့အသက် အပြည့်အဝ ပါဝင်နေပါတယ်။ "ရ" ကလည်း အားနဲ့ မာန်နဲ့ တရင်းတနှီး ပြောတဲ့သဘော ပါပါတယ်။ "ဟုတ်တယ် ကိုရင်လေးရ" "လုပ်ပါ့မယ် မမရ" ဆိုတဲ့ စကားတွေမှာ ဒီသဘောတွေ ထင်ဟပ်နေပါတယ်။

နေ့တိုင်းလိုလို ပြောဆိုနေကျ စကားလုံးတွေ အကြောင်းအရာတွေ ဖြစ်နေတော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လူတိုင်း သိပြီးသား ကိစ္စလို့ ပြောလို့ရပေမယ့် စနစ်တကျ လေ့လာစူးစမ်းမှု မပြုဖြစ်ကြတဲ့ အကြောင်းတွေလည်း ဖြစ်ပါတယ်။ ဘာသာစကား တစ်ခုမှာ မရှိမဖြစ် မပါမဖြစ်တဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်တာကြောင့် စနစ်တက် စူးစမ်းလေ့လာဖို့ သင့်တဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဘာသာဗေဒ ပညာရှင်တွေအတွက် တကယ့်ကို လေ့လာစရာတွေ ကျန်ရှိနေပါသေးတယ်။ အခုလို အာလုပ်စကားနဲ့ ပတ်သက်ပြီး စာအုပ်တစ်စောင် ကျမ်းတစ်စောင်အနေနဲ့ တစ်ခါမှ မမြင်ဖူး မဖတ်ဖူးပါဘူး။ ရှိတာ သိတဲ့သူ ရှိရင်လည်း ညွှန်ပြပေးပါဦးလို့ ပြောကြားရင်း ...

မောင်ခင်မင် (ဓနုဖြူ) ၏ 'မိန်းမယောက်ျား ထိုစကား' စာအုပ်မှ ကိုးကားတင်ပြသည်။

ဆက်ဖတ်ချင်သေးရင်တော့ ...