မြန်မာစာပေ ကောက်ကြောင်းများ (၁)

2008-09-20

ကျနော် မန်းကို ပြန်တုန်းက အိမ်မှာ ဟိုးအရင်က ၀ယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရအောင် ဆိုပြီး ရန်ကုန်ကို ယူလာခဲ့လိုက်တယ်။ ဆရာမောင်သာနိုး ရေးတဲ့ မြန်မာ့စကားနဲ့ စာပေ ဆိုတဲ့ စာအုပ်ပါ။ ပြန်ဖတ်ကြည့်လိုက်တော့ ဝေမျှပေးချင်တာတွေ တအား များနေတယ်။ အဲဒီအထဲကမှ မြန်မာစာကို ချစ်တဲ့ လူတိုင်း သိထားသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးမယ်လို့ အခု ဒီခေါင်းစဉ်နဲ့ အခန်းဆက်ဆောင်းပါး ရေးမယ်လို့ စိတ်ကူးလိုက်မိတယ်။ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အတွက်တော့ အနည်းဆုံး မပျောက်မပျက်အောင် ထိန်းသိမ်းပေးလိုက် နိုင်တာပေါ့ဗျာ။ ဆရာမောင်သာနိုးရဲ့ အာဘော်နဲ့ နီးနီးစပ်စပ် ဖြစ်အောင် ကောက်နှုတ် တင်ပြလိုက်ရပါတယ်။

သင်္ကြန်ပွဲတော်နား နီးလာပြီ ဆိုရင်ပဲ အမြို့မြို့ အနယ်နယ်မှာ သင်္ကြန်သီချင်းတွေ ဖွင့်လာကြတယ်။ အခုခေတ်ပေါ် ဟစ်ဟော့ သီချင်းတွေနဲ့ အတူ ရော့ခ်သီချင်းတွေလည်း ဖွင့်ကြသပေါ့ဗျာ။ ဘယ်လောက်ပဲ ခေတ်ရှေ့ရောက်ရောက် အခုချိန်ထိ မရိုးမအီနိုင်အောင် ဖွင့်မြဲဖြစ်တဲ့ ခေတ်ဟောင်းသီချင်း တစ်ပုဒ်ကတော့ ကြားနေရတုန်းပါ။ ကြားရပုံကတော့ "မြနန္ဒာ ရေညိုညို ရစ်ကာသန်း တော့ ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ်" တဲ့။ "တော့" ဆိုတဲ့ မြန်မာစကားလုံးရဲ့ အဓိပ္ပာယ်က အချိန်အခါ ဖြစ်တယ်။ တဲ့အခါ နဲ့ အတူတူပါပဲ။ "မိုးကုန်တော့ ဆောင်းဝင်လာတယ်" ဆိုတာ "မိုးကုန်တဲ့အခါ ဆောင်းဝင်လာတယ်" လို့ ပြောတာပါပဲ။ ဒါဖြင့် "မြနန္ဒ ရေညိုညို ရစ်ကာသန်းတော့" ဆိုတော့ "မြနန္ဒ ရေညိုညို ရစ်ကာသန်းတဲ့အခါ" လို့ အဓိပ္ပာယ် ထွက်သွားတော့မှာပေါ့။ "ရေညိုညို ရစ်ကာ သန်းတဲ့အချိန်ခါမှ ရွှေမန်းတောင်ရိပ် ခိုတယ်" ဆိုတော့ ဘာကို ပြောချင်တာလဲ။ မန်းတောင်ကို ရေညိုညိုက အမြဲ ရစ်ကာသန်းနေတာပဲ။ ရစ်ကာသန်းတဲ့ အခါမှ တောင်ရိပ်ခိုရမယ် ဆိုတာ အဓိပ္ပာယ် သိပ်မရှိလှဘူး။ တကယ် ဖြစ်ရမှာက "ရေညိုညို ရစ်ကာသန်း တဲ့ ရွှေမန်းတောင်ရိပ် ..." သာ ဖြစ်တယ်။

အတိတ်တဘောင် ရှိတာက

အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒ ရေညိုသန်းတဲ့ မန်းတောင်ရိပ်ခို

ဖြစ်လို့ ဆရာမြို့မငြိမ်းကလည်း "ရေညိုညို ရစ်ကာသန်းတဲ့" လို့ ဖွဲ့ခဲ့တာပါ။ ကိုအံ့ကြီး ဆိုတုန်းကလည်း အဲဒီအတိုင်းပဲ ဆိုခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းနောက်ပိုင်း အဆိုတော် အသစ်တွေ လက်ထဲ ရောက်သွားတော့ အခြေအမြစ်ကို နားမလည်၊ မသိဘဲ ကိုယ်ထင်ရာ "ရစ်ကာသန်းတော့" လို့ ပြင်ချလိုက်တော့ အဓိပ္ပာယ်ပျောက်ရော။ သဒ္ဒါနည်းနဲ့ ပြောရရင် နာမ၀ိသေသန ပုဒ်စုကို အူတီးအူကြောင်နဲ့ ကြိယာဝိသေသန ပုဒ်စု လုပ်ပစ်လိုက်တဲ့ အမှားပါ။

စလေဦးပုညရဲ့ "မြတ်လေးရုံတော အစ" ချီ တေးထပ်ကို ဇာတ်မင်းသား တစ်ယောက်က သီဆိုသွားရာမှာ "လွမ်းမတတ် စကားဝါ အငူမှာ" အပိုဒ်ကို "လွမ်းစရာ့ စကားဝါ အငူမှာ" လုပ်သွားတာ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ တကယ်လို့သာ နတ်ရှင်နောင်ရဲ့ ရတုတွေနဲ့ ရင်းနှီးတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို မမှားလောက်ပါဘူး။

ငှက်သွင်ပျံကြွ မတတ်သောဝ်။
ရောက်တိုင် တိမ်ထွတ် ပျံမတတ်တည့်။
ခြေတော်စက်သို့ တင်ဆက်မတတ်။
စိစစ်မတတ် ကြင်လေးမြတ်သည်။

စသဖြင့် နတ်ရှင်နောင်ဟာ "မတတ်" ဆိုတဲ့ အသုံးအနှုန်းကို သူ့ရတုတွေမှာ တော်တော် သုံးလေ့ရှိတယ်။ နတ်ရှင်နောင်ကို တော်တော် ကျေညက်ပုံရတဲ့ ဦးပုညက ဒီအသုံးကို နတ်ရှင်နောင်ဆီကို ယူလိုက်တယ်လို့ ယူမယ်ဆိုရင် ယူလို့ ရပါတယ်။ ဆန်းတာတော့ မဆန်းပါဘူး။ "လွမ်းမတတ်" ဆိုတာ ဘယ်လိုလွမ်းရမှန်းကို မတတ်စွမ်းတော့ဘူးလို့ ဆိုလိုတာပဲပေါ့။

ဆရာ မြို့မငြိမ်း ရေးဖွဲ့ထားတဲ့ နောက်ထပ် သီချင်းတစ်ပုဒ် ဖြစ်တဲ့ "ပျို့မှာတမ်း" ကို ကြားဖူးကြမယ် ထင်တယ်။ ဆရာ မြို့မငြိမ်းက "စားစား သွားသွား နေနေ မောင့်အပူ ပွေသူပါရှင်" လို့ ရေးစပ်ထားတယ်။ "ကျွန်မမှာ စားတဲ့အချိန်၊ သွားတဲ့အချိန်၊ နားနေတဲ့အချိန်၊ ဘယ်အချိန်မဆို မောင့်အတွက် ပူပန်နေရပါတယ်" လို့ အဓိပ္ပာယ်ရတယ်။ နောက်ပြီး နေ နဲ့ ပွေ ကိုလည်း ကာရံယူထားတယ်။

ဒါကိုပဲ အခုခေတ် လူတတ်တချို့က "စားစား သွားသွား နေနေ မောင့်အပေါ် ဗွေမယူပေါင်ရှင့်" လုပ်ပစ်လိုက်တယ်။ "မောင် ဘာစားစား၊ ဘယ်သွားသွား၊ ဘယ်နားနေနေ ကျွန်မကတော့ ဗွေမယူပါဘူး" လို့ ပြောချင်ပုံ ရတယ်။ ဒါပေမယ့် "စားစား သွားသွား နေနေ" ဆိုတာ သီဆိုသူက ကိုယ့်ကိုယ်ကို ပြန်ရည်ညွှန်းတာမို့ အဲ့ဒီလို သုံးတာ လုံးဝ လုံးဝ မှားပါတယ်။
ဒီသီချင်းမှာ မိန်းကလေးက သူ့အဖြစ်ကို ပြောနေတာ။ မိုးညိုရင်လည်း မောင့်ပဲ သတိရတယ်။ လသာရင်လည်း မောင့်ပဲ သတိရတယ်။ မောင့် မျက်နှာချည်း မြင်နေတယ်။ စားစား သွားသွား နေနေ မောင့်အတွက် ပူပန်နေရတယ်လို့ ပြောနေတာပါ။ စားသူ၊ သွားသူ၊ နေသူက မိန်းကလေး၊ မောင်မဟုတ်ဘူး ဆိုတာ အဆက်အစပ်အရ သိနိုင်တယ်။

နောက်ပြီး "ပွေ" ဆိုတဲ့ စကားလုံးက ဒီနေရာမှာ သောကပွေတယ် လို့ အဓိပ္ပာယ် ယူထားတယ်။ သဘောက ပူပန်တယ်ပေါ့။ စိုးနှောင့်ဗျာပွေ ဆိုတဲ့ သီချင်းစာသားလည်း ရှိပါတယ်။ ဒါကိုပဲ "ပွေ" ဆိုတဲ့ စကားလုံးကို ညှာပွေတယ် လို့ ယူဆသွားသလား မသိဘူး။ ခေတ်အခေါ် စော်ပွေတယ်ပေါ့ဗျာ။ မိန်းကလေးနဲ့ မသင့်လျော်ဘူး ဆိုပြီး ဉာဏ်ကြီးရှင်တို့က ပြင်လိုက်ပုံ ရတယ်။

(ဆက်ရန်)

ဆက်ဖတ်ချင်သေးရင်တော့ ...

လိပိဒိပိကာကျမ်း - မြန်မာကြေးနန်းရိုက်နည်း

2008-09-14

ကြေးနန်းရိုက် ပညာကြောင်း တင်ပြထားတာ ဆိုပေမယ့် မြန်မာစာနဲ့ ပတ်သက်တာတွေ ထည့်ဆွေးနွေးထားတဲ့ အတွက် စုဆောင်းတင်ပြလိုက်ပါတယ်။ ညီလင်းဆက်ဆီက ကူးယူ ဖော်ပြထားတာပါ။ သူရေးထားတဲ့ မိတ်ဆက်စာအတိုင်း တင်ပြပေးလိုက်ပါတယ်။

ဒီစာအုပ်ကတော့ ယောမင်းကြီးရဲ့ ပြောင်မြောက်လှတဲ့ မြန်မာကြေးနန်းရိုက်နည်း ကျမ်းစာအုပ်ပါ။ ဒါဟာ မြန်မာစာကို Encrypt လုပ်ခြင်းရဲ့ အခြေခံအကျဆုံး အကြောင်းအရာတွေနဲ့ ပတ်သတ်ပြီး ပထမဆုံး ရေးသားတဲ့ ကျမ်းစာအုပ် ဖြစ်တာမို့ ကျွန်တော် သိပ်သဘောကျပါတယ်။ ယောမင်းကြီးဟာ လယ်တီ ဆရာတော်ကြီးလို ပုဂ္ဂိုလ်မျိုးကတောင် လေးစားခံရတဲ့သူ ဖြစ်တာမို့ သူ့အတွေးအခေါ် ဉာဏ်ပညာက အလွန်ပဲ ကြီးမားသူပါ။ လိပိဒီပိကာကျမ်းဟာ တိုတိုလေးပေမယ့် ယောမင်းကြီး ရှင်းပြသွားချက်တွေက အလွန်ပဲ ရှင်းလင်း ထင်ရှားတာမို့ သဘောပေါက် လွယ်ကူစေပါလိမ့်မယ်။ ကျွန်တော်ဟာ ဒီကြေးနန်းရိုက်နည်းကို အခြေခံပြီး မြန်မာစာလုံးတွေကို Encrypt-Decrypt လုပ်ဖို့ ကြိုးစားခဲ့တာ ၉၇% အောင်မြင်ခဲ့ပါတယ်။ နောင်ဆို အီးမေးလ်တွေကို သက်ဆိုင်သူမှတပါး အခြားဘယ်သူမှ ပရိုက်ဗေဆီ ချိုးဖောက်ပြီး ကြားထဲက ဖတ်ရှုလို့ မရနိုင်အောင် လုပ်နိုင်ပါလိမ့်မယ်။ ဖိုင်ဆိုဒ်တွေလည်း လျှော့ချနိုင်ပါလိမ့်မယ်။

Read this document on Scribd: လိပိဒိပိကာကျမ်း

ဆက်ဖတ်ချင်သေးရင်တော့ ...

ရေးတော့အမှန် ဖတ်တော့အသံ (ဖတ်ထုံး)

2008-09-13

ကျနော်တို့ မြန်မာစာမှာ “ရေးတော့အမှန် ဖတ်တော့အသံ” ဆိုတဲ့ ဆိုရိုးလေး ရှိပါတယ်။ ဘာလို့ ဒီစကားရပ် ပေါ်လာသလဲလို့ ပြန်စမ်းစစ်ကြည့်ရင် ကျနော်တို့ မြန်မာစာမှာ ရေးတဲ့ အတိုင်း ဖတ်လို့ မရတာကြောင့်ပါ။ ဥပမာ ရန်ကုန် ဆိုတဲ့ စကားလုံးကို ကျနော်တို့ ဘယ်လို ဖတ်မလဲ။ ဆင်ကြီး ဆိုတာကိုကော ဘယ်လို ဖတ်မလဲ။ ကလေးက အစ ဖတ်တတ်ပါတယ်။ ရန်ဂုန်၊ ဆင်ဂျီး လို့ ဖတ်ကြတယ်။ ကျနော် သိသလောက် ငယ်ငယ်ကတည်းက အခုအချိန်ထိ သင်ရိုးညွှန်းထဲမှာ ဘာကြောင့် အဲဒီလို ပြောင်းဖတ်ရသလဲ ဆိုတာ ကျနော်တို့ မသင်ခဲ့ရပါဘဲနဲ့ မြန်မာတွေ ဘာလို့ အဲဒီလို ဖတ်တတ်နေကြသလဲ။ ဒီမေးခွန်းကို မစဉ်းစားဖြစ်ခင်က ကျနော် တွေးမိတဲ့ အတွေးက “မြန်မာစာမှာ ရေးတာ တစ်မျိုး ဖတ်တော့ တစ်ခြား။ ဘာလို့ အဲဒီလောက် ဖရိုဖရဲ နိုင်နေရသလဲ” ဆိုတဲ့ မေးခွန်းကို တွေးနေမိတယ်။ ကိုယ့်ဘာသာစကားကို အထင်မသေးရက်တော့ စည်းမျဉ်းစည်းကမ်း ရှိကောင်းရဲ့ ဆိုပြီး လိုက်ရှာတော့လည်း တော်တော်နဲ့ ရှာယူခဲ့ရတယ်။

မြန်မာ့အာ၊ မြန်မာ့လျှာနဲ့ လိုက်ဖက်ညီညီ အသံပြောင်း အသံလွှဲ လုပ်တဲ့ နည်းကို လူကြီးတွေတင် မကဘဲ ကလေးတွေကအစ ဘာသင်တန်းမှ မတတ်ဘဲ အလိုလို တတ်မြောက်နေကြတယ်။ ဘာဖြစ်လို့ အဲဒီလို ပါးနပ်စွာနဲ့ မူလရေးထားတဲ့ အတိုင်း မဟုတ်ဘဲ သင့်လျော်တဲ့ အသံတစ်ခုကို ပြောင်းပြီး ဖတ်တတ်နေကြသလဲ။ ဘာဖြစ်လို့ အဲဒီလို အလိုအလျောက် ကျင့်သားရပြီး ဖြစ်နေကြသလဲ။ ဒါ လေ့လာသင့် လေ့လာအပ်တဲ့ အကြောင်းရပ် ပညာရပ်တစ်ခုပါ။ ကျနော်တို့ မြန်မာပြည်ဖွားတွေ အလိုအလျောက် ပြောင်းတတ်နေပေမယ့် မြန်မာစကားကို သင်ယူနေတဲ့ နိုင်ငံခြားသားတွေက ဘာလို့ အဲဒီလို ပြောင်းဖတ်တာလဲလို့ မေးရင် ကျနော်တို့ ဖြေလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ “ရေးတော့အမှန် ဖတ်တော့အသံ” တဲ့။ အဲလို ပြောတာ ကြားလိုက်တော့ စည်းမရှိ ကမ်းမရှိ ဖတ်ချင်သလို ဖတ်နေသလား ထင်ရတယ်။ တကယ်တော့ မဟုတ်ပါဘူး။ မြန်မာစာမှာ အသံပြောင်းလဲပုံ စည်းမျဉ်းလေး ရှိပါတယ်။ ရန်ကုန်လို့ ရေးပြီး ဖတ်တဲ့အခါ ကုန်ကို ဂုန် လို့ ပြောင်းပြီး ရန်ဂုန်လို့ ဘာကြောင့် ဖတ်ရသလဲ ဆိုတာ စည်းမျဉ်းနဲ့တကွ ရှင်းပြပေးချင်ပါတယ်။

၁။ အက္ခရာ ခွဲတမ်း
မြန်မာအက္ခရာတွေမှာ အသံနုအက္ခရာနဲ့ အသံရင့်အက္ခရာ ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ဘယ်အက္ခရာတွေက အသံရင့်လဲ၊ ဘယ်ဟာတွေက အသံနုလဲ ဆိုတာ ခွဲခြားပြီး သိမယ်ဆိုရင် အသံပြောင်းခြင်း ဥပဒေသကို နားလည်လွယ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့် အသံနုကလေ အသံရင့်ကို ပြောင်းသွားတတ်လို့ပါ။

သံနု အက္ခရာ ကိုးလုံး ရှိပါတယ်။
က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ တို့ ဖြစ်တယ်။ သဒ္ဒါဝေါဟာရနဲ့ ဆိုရင် အဃောသ အက္ခရာစုလို့ ခေါ်ပါတယ်။

အဲဒီ ၉ လုံးက လွဲရင် ကျန် အက္ခရာတွေက သံရင့် အက္ခရာ တွေပါ။ စုစုပေါင်း ၂၉ လုံး ရှိပါတယ်။
ဂ၊ ဃ၊ င၊ ဇ၊ စ်၊ ည၊
ဒ၊ ဌ၊ န၊ ဗ၊ ဘ၊ မ၊
ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ။ အဲဒီ ဗျည်း (၁၈) လုံးနဲ့
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊
ဧ၊ အဲ၊ သြ၊ သြော်၊ အို၊ စတဲ့ သရ (၁၁) လုံး စုစုပေါင်း (၂၉) လုံးဟာ သံရင့်အက္ခရာတွေ ဖြစ်တယ်။

၂။ အနက်တူရာ အက္ခရာများ
အထက်မှာ ဖော်ပြထားတဲ့ အသံနု အက္ခရာနဲ့ အသံရင့် အက္ခရာ ယှဉ်တွဲပြီး ရှိလာတဲ့အခါမှာ တိုက်ခိုက်မှု ဖြစ်လာပြီး အသံပြောင်းကြရတယ်။ လောကသဘာဝအတိုင်း အသံနုတွေကပဲ လိုက်ပြောင်းပေးရတယ်။ ဒါကြောင့် အသံပြောင်းတဲ့အခါမှာ အသံနုတွေ ဖြစ်တဲ့ က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ အက္ထရာတွေကပဲ ပြောင်းတယ်။ ပြောင်းတဲ့အခါမှာလဲ အရမ်းမဲ့ ပြောင်းချင်သလို ပြောင်းသွားတာ မဟုတ်ဘဲ အနက်ချင်း တူရာ တူရာကိုပဲ ပြောင်းတယ်။ အခြား အက္ခရာကို ပြောင်းလေ့ မရှိဘူး။ အနက်တူတဲ့ အက္ခရာတွေက
သံနု ကကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် ဈ အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ် ကို ပြောင်းသွားရတယ်။

၃။ အသံပြောင်းလဲခြင်း အကြောင်းရင်း
မီးများရင် မီးနိုင်တယ်။ ရေများရင် ရေနိုင်တယ်တဲ့။ အဲဒီလိုပါပဲ။ သံနုအက္ခရာထက် သံရင့်အက္ခရာထက် အသံရှိန်ပိုပြင်းတယ်။ ပိုအားကောင်းတယ်။ ဒါကြောင့် အသံ နုတဲ့ အားသေးတဲ့ အက္ခရာက အသံပြင်းတဲ့ အားကောင်းတဲ့ အက္ခရာနား သွားကပ်တဲ့အခါမှာ အားကြီးတဲ့ ဒါဏ်ကို မခံနိုင်ဘဲ အလိုအလျောက် သဘာဝချင်းတူတဲ့ အားကောင်းတဲ့ အက္ခရာအဖြစ် ပြောင်းလဲသွားရတယ်။ ဒါမှ ရွတ်ဖတ်တဲ့ အခါမှာ လျှာခလုတ် မတိုက်ဘဲ လျှောခနဲ ထွက်လာနိုင်မှာပါ။ ဒါမှလည်း မြန်မာ့လျှာ၊ မြန်မာ့အာနဲ့ ကိုက်ညီသွားတယ်။

၎။ အသံပြောင်းလဲခြင်း စည်းမျဉ်း
သံရင့်ဗျည်း (သို့) ဗျည်း+ သံရင့်သရ (သို့) ဗျည်း + သံရင့်အသတ် တွေရဲ့ နောက်က အသံနုဗျည်းတွေ သက်ဆိုင်ရာ အသံတွေ လိုက်ပြောင်းသွားရတယ်။
သံရင့်ဗျည်း - ဂ၊ ဃ၊ င၊ ဇ၊ ဈ၊ ည၊ ဒ၊ ဌ၊ န၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ ။
သံရင့်သရ - အ၊ အာ၊ ဣ (အိ)၊ ဤ (အီ)၊ ဥ (အု)၊ ဦ (အူ)၊ ဧ (အေ)၊ အဲ၊ သြ (အော)၊ သြော် (အော်)၊ အို ။
သံရင့်အသတ် - ~င်၊ ~ဉ်၊ ~ည်၊ ~န်၊ ~မ်၊ ~ယ်၊ ~ိန်၊ ~ိမ်၊ ~ုန်၊ ~ုမ်၊ေ~ာင်၊ ~ိုင်၊ ~ုံ ။

ဥပမာနဲ့ ရှင်းပါ့မယ်။
သုံးခု ကို ကျနော်တို့ ဖတ်တဲ့ အခါမှာ သုံးဃု လို့ ဖတ်ပါတယ်။ ပြန်ပြီး စမ်းစစ်ကြည့်ရအောင်။ သုံး ဆိုတာ ( သ + ~ုံ + ~း ) ပေါင်းထားတာပါ။ အဲဒီမှာ သံရင့်အသတ် ပါနေတာကြောင့် “ခု” မှာ ပါတဲ့ ခကွေး ဟာ သူရဲ့ တွဲဖက် ဖြစ်တဲ့ သံရင့် “ဃ” အက္ခရာကို ပြောင်းသွားပြီး ဃု လို့ ဖတ်ရပါတယ်။ ဒါကြောင့် သုံးဃု လို့ ဖတ်ရတယ်။
ထင်သာအောင် နောက်ဥပမာတစ်ခု ပြပါဦးမယ်။
လူကြီး ကို ကျနော်တို့ ဖတ်တဲ့ အခါမှာ လူဂြီး လို့ ဖတ်ပါတယ်။ ကျနော်တို့ ဓါတ်ခွဲကြည့်ရအောင်။ လူ ဆိုတာ (လ + ~ူ) ပေါင်းထားတာပါ။ သံရင့်သရ ပါနေတာကြောင့် ကကြီးကနေ ဂငယ် ပြောင်းသွားပြီး လူဂြီး လို့ ဖတ်ရပါတယ်။
နောက်ပြီး
ရန်ကုန် => ရန်ဂုန်
မန္တလေး => မန်းဒလေး
ဘယ်ကိုသွားမလဲ => ဘယ်ဂိုသွားမလဲ
ကြိုးစားစမ်းပါ => ကြိုးဇားဇမ်းဗာ
ဈေးတောင်းခေါင်းရွက် => ဈေးဒေါင်း ဃောင်းရွက်
သူပဲ ငါပဲ => သူဗဲ ငါဗဲ
အင်္ကျီ => အင်းဂျီ
တံဆိပ်ခေါင်း => တံဇိပ်ဃောင်း

၅။ အသံမပြောင်းလဲခြင်း စည်းမျဉ်း
သံနုဗျည်း (သို့) ဗျည်း + သံနုအသတ် တွေရဲ့ နောက်က အသံနုဗျည်းတွေ လိုက်ရင် အသံနုအတိုင်းပဲ မပြောင်းဘဲ ဖတ်ရပါတယ်။
သံနုဗျည်း - က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ ။
သံနုအသတ် - ~က်၊ ~စ်၊ ~တ်၊ ~ပ်၊ ~ိတ်၊ ~ိပ်၊ ~ုတ်၊ ~ုပ်၊ေ~ာက်၊ ~ိုက် ။

သံရင့်ဗျည်း နဲ့ သံနုအသတ်နဲ့ တွဲလိုက်တဲ့အခါမှာ သံရင့်ဗျည်း ဖြစ်ပေမယ့် အသံနုနဲ့ အသတ်ခံရတဲ့အတွက် အသံနုသွားရတယ်။ ဒါကြောင့် သူတို့နောက်က လိုက်တဲ့ အသံနု အက္ခရာတွေနဲ့ လိုင်းတူသွားတာကြောင့် ပြောင်းစရာ မလိုတော့ပါဘူး။ ဥပမာလေးတွေ ကြည့်ကြည့်ပါ။
ဘက်တော်သား => ဘက်တော်သား
ကျိုက်ထီးရိုး => ကျိုက်ထီးရိုး
တိုးတက်ရေး => တိုးတက်ရေး
ချစ်စိတ် => ချစ်စိတ်
လက်ဖက်ရည် => လက်ဖက်ရည်
ထိပ်ဆုံးသို့ => ထိပ်ဆုံးသို့

အသံပြောင်းခြင်း ဆိုင်ရာမှာ ကျနော် နားမလည်သေးတာ၊ မသိသေးတာ၊ အထောက်အထား ရှာမတွေ့သေးတာ တချို့ ရှိပါသေးတယ်။
ဥပမာ ဗာဒံ လို့ ရေးထားပြီး ဘာလို့ ဗံဒါ လို့ ဖတ်ကြသလဲ။ ဘယ်လို ဥပဒေသကို သုံးသွားသလဲ ဆိုတာ ကျနော် မသိပါဘူး။
နောက်တစ်ခုက ဘားအံ လို့ အရေးထားတဲ့ အသံရင့် အက္ခရာကို ဖတ်တဲ့အခါမှာ အသံနု ဖြစ်တဲ့ ဖားအံ လို့ အသံထွက်ပါတယ်။ အဲဒါတွေအပြင် တခြား အများရီး ရှိနေနိုင်ပါသေးတယ်။ အဲဒါတွေက ဘယ်သို့သော ဥပဒေသတွေကို လိုက်နာပြီး ရွတ်ဖတ်ရသလဲ။ ဒါမှမဟုတ် ချွင်းချက်တွေလား ဆိုတာ ကျနော်ဖြင့် ရှာဖွေဆဲပါ။ သိနှင့်ပြီးသူ ရှိရင်လည်း ဝေမျှခဲ့ပါဦးလို့ တောင်းဆိုရင်း .....

ဆက်ဖတ်ချင်သေးရင်တော့ ...

စာလုံးပေါင်းတွေ မှန်စေချင် (၁)

2008-09-07

မြန်မာတွေ မြန်မာလို ရေးနေကြတာ ဆိုပေမယ့် မြန်မာစာကို အလေးမထားတာ တွေ့ရတော့ အတော်လေး ၀မ်းနည်းမိပါတယ်။ ကိုယ့်ရဲ့ မိခင်ဘာသာကို အသုံးပြုပြီး အတွေ့အကြုံ၊ အတွေးအကြံတွေ ဖြန့်ဝေနေကြတဲ့ လူတွေ ဖြစ်နေပေမယ့် ကိုယ့်ရဲ့ မိခင်ဘာသာကို ဂရုမစိုက် အလေးမထားဘဲ ရေးနေကြတာ တွေ့နေရတယ်။ အဆိုးဝါးဆုံး မြင်နေရတာတော့ စာလုံးပေါင်းမှားခြင်း ပါ။ မြန်မာလို ရေးမယ်ဆိုရင်တော့ အရေးအကြီးဆုံးနဲ့ အနိမ့်ဆုံး အဆင့်အနေနဲ့ စာလုံးပေါင်းတွေ မှန်စေချင်ပါတယ်။ မြန်မာအချင်းချင်း ဖတ်နေတာပဲ၊ မြန်မာတွေ နားလည်ရင် ပြီးရောပေါ့ ဆိုတဲ့ ပြီးစလွယ် အဖြေမျိုး မပေးစေချင်ဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန် ကိုယ်ကိုယ်တိုင် သားသမီးရလာလို့ ကိုယ့်သားသမီးက ကိုယ့်ရဲ့ (ဖခင်ရဲ့) နာမည်ကို မှားခေါ်ရင် ဘယ်လို ခံစားရမလဲ။ တွေးကြည့်ပါ။ ဒီလိုပါပဲ။ မိခင်ဘာသာ စကားကို သုံးနေကြပါလျက်နဲ့ စာလုံးပေါင်းတော့ မလွဲစေချင်ဘူး။ တချို့ မသိလို့ မှားတယ်။ တချို့ သိဖို့ မကြိုးစားဘဲ မှားတယ်။ တချို့ ပြီးစလွယ်ရေးလို့ မှားတယ်။ တချို့ကတော့ မှန်တယ်ထင်ပြီး မှားတယ်။ ဘယ်လိုပဲ မှားမှား၊ မမှန်လို့ မှားတာပဲ။ ကျနော် အခု မှားလေ့မှားထ ရှိတဲ့၊ အမှားများတဲ့ စကားလုံးတချို့ကို တင်ပြပေးပါ့မယ်။ မှားတယ်လို့ သိရှိသွားပြီး အမှန်ပြင်နိုင်ပါစေလို့ .....

လဲ၊ လည်း
“လဲ” ဟာ အမေးကြိယာပစ္စည်း ဖြစ်တယ်။
ဘယ်က လာသလဲ။ လို့ မေးရမယ်။ ဘယ်က လာသလည်း ဆိုပြီး ညသတ်နဲ့ လည်းရင် မှားတယ်။
“လည်း” ဟာ နာမ်ထောက်ပစ္စည်း ဖြစ်တယ်။
မောင်လည်းလိုက်မယ် ချန်မထားနဲ့ ဆိုတဲ့ ၀ါကျမျိုးကျမှ ညသတ် လည်းကို သုံးရမယ်။ မောင် ဆိုတဲ့ နာမ်စားကို အထောက်အကူပြုတာကြောင့် လည်းကို နာမ်ထောက်ပစ္စည်းလို့ ခေါ်တယ်။

ဘက်၊ ဖက်
တောင်ဘက်မြောက်ဘက် စတဲ့ အရပ်မျက်နှာကို ညွှန်းလိုတဲ့အခါ ဘကုန်း ဘက်ကို သုံးတယ်။ ကျောဘက်ခေါင်းဘက် စသဖြင့် ...
တစ်၊ နှစ်၊ သုံး စတဲ့ ဂဏန်းတွေနဲ့ တွဲသုံးမှ တစ်ဖက်နှစ်ဖက်သုံးဖက် စသဖြင့် ဖဦးထုပ်နဲ့ ဖက်ကို သုံးရတယ်။

ကာ၊ ခါ
“ကာ” ဟာ သမ္ဗန္ဓပုဒ်ဖြစ်တယ်။ “၍၊ လျက်” တို့လို သုံးနိုင်တယ်။
လူးကာလှိမ့်ကာ ငိုသည်။ (တစ်ပြိုင်နက် ပြုမူသည်)
သူခိုးကို ဖမ်းကာ ရဲစခန်းသို့ ပို့သည်။ (တစ်ခုပြီးမှ တစ်ခု ဆောင်ရွက်သည်)
“ခါ” ကို အချိန်ကာလနဲ့ ပတ်သက်ပြီး သုံးနိုင်တယ်။
သွားခါနီးလာခါနီးစာမေးပွဲ ဖြေခါနီး .... စသဖြင့်

ခန်း၊ ခမ်း
ခန်းမစာသင်ခန်းအိမ်ခန်း စတဲ့ အခန်းတွေကို နသတ် နဲ့ ခန်းရမယ်။
အခမ်းအနားကျောင်းသင်္ခမ်း တွေကိုတော့ မသတ် နဲ့ ခမ်းရတယ်။

စကြာ
စကြာကို စကြ်ာ (သို့) စင်္ကြာလို မှားယွင်းပြီး ရေးတတ်ကြတယ်။ စကြာ လို့ ရေးမှ မှန်ပါမယ်။ စကြာကို စက်ကြာ လို့ အသံထွက်ရတယ်။ တကယ်လို့ စင်္ကြာလို့ ရေးထားရင် စင်ကြာလို့ အသံထွက်ရမယ်။
နောက်ပြီး စကြ၀ဠာ ကိုလည်း စကြာဝဠာဆိုပြီး မှားရေးတာ တွေ့ရတတ်တယ်။ ကြမှာ ရေးချထည့်ပြီး မရေးရပါဘူး။ ရေးချမပါဘဲ စကြ၀ဠာ လို့ပဲ ရေးရမယ်။

ပဲ၊ ဘဲ
“ပဲ” ဆိုတာ သာလျှင် လို့လည်း အဓိပ္ပါယ် သက်ရောက်ပါတယ်။ ကန့်သတ်တဲ့ သဘောပါတယ်။
မင်းသာ အနားမှာနေ လို့ ရေးချင်ရင်တော့ မင်းပဲ အနားမှာနေ လို့ ရေးမှ မှန်ပါမယ်။ မင်းဘဲ အနားမှာနေ လို့ မှားရေးကြတာ တွေ့နေရတယ်။
ဘကုန်းနဲ့ ဘဲ ချင်တယ် ဆိုရင်တော့ အငြင်းသဘော ပါမှ သုံးလို့ရမယ်။ ဒါကြောင့် “ဘဲ” ဆိုတဲ့ စကားလုံးရဲ့ အရှေ့တစ်နေရာမှာ “မ” ဆိုတာ တွေ့ရတတ်တယ်။ မ ... ဘဲ ဆိုမှ ပြည့်စုံမယ်။ မသွားဘဲမလာဘဲမစားဘဲမကြည့်ဘဲမနေဘဲ စသဖြင့်ပေါ့။ မသွားပဲမလာပဲ ဆိုပြီး ရေးလို့ မရဘူး။
လူပဲနင်ပဲငါပဲ ဆိုရင်တော့ ဘကုန်းဘဲ သုံးလို့မရဘဲ ပစောက်ပဲ ကိုပဲ သုံးရမယ်။


ဆက်ဖတ်ချင်သေးရင်တော့ ...