အသုံးအနှုန်း အစဉ်အလာအရ ဆိုလျှင် `မည်သည်´ `မည်သူ´ တို့ကို `မျှ´ နှင့်တွဲလျှင် ဆိုင်ရာကြိယာ၌ `မ´ ထည့်၍ သုံးတတ်ကြသည်။
ပုံစံများမှာ -
မည်သူကိုမျှ မပြောကြနှင့်။
မည်သည့် လက်ထက်တွင်မျှ မကြားစဖူး။
မည်သည့်အခါမျှ တိမ်းစောင်းခြင်းမရှိ။
မည်သူမျှ မအောင်မြင်။
မည်သည့်ဆရာထံသို့မျှ မဆည်းကပ်။
အကယ်၍ `မျှ´ ကို မသုံးဘဲ၊ `မဆို´ ကို သုံးလျှင် `မဆို´ ၌ `မ´ ပါပြီး ဖြစ်၍ ဆိုင်ရာ ကြိယာ၌ `မ´ ထည့်ရန်မလို။
ပုံစံများမှာ -
မည်သူမဆို ထီးနန်းနှင်းလေ။
မည်သူမဆို အလိုရှိသမျှ ပေးလော့။
မည်သည့်အချိန်တွင်မဆို ထွက်နိုင်ဝင်နိုင်သည်။
အရေးရောတတ်သော အသုံးအနှုန်းမှာ `မ၀င်ရ´ ဟူသော အသုံးအနှုန်းမျိုးဖြစ်သည်။
အချို့က `မည်သူမဆို မ၀င်ရ´ ဟု ရေးတတ်ကြသည်။ မသင့်ပါ။ သုံးရိုးသုံးစဉ်မှာ `မည်သူမျှ မ၀င်ရ´ ဟု သုံးရပါသည်။
အကယ်၍ အတားအမြစ်မရှိ၊ လူတကာကို ၀င်စေလိုသော သဘောဖြင့် သုံးလိုပါက `မည်သူမဆို ၀င်နိုင်သည်´ ဟု သုံးရပါသည်။
ဘုရားစောင်းတန်း အချို့တွင် `မည်သူမဆို ဖိနပ်မစီးရ´ ဟု ကြော်ငြာကပ်ထားလေ့ ရှိပါသည်။ ရေးနှုန်းမသင့်ပါ။ မည်သူတစုံတယောက်မျှ ဖိနပ်စီးခွင့်မပြုသော သဘောဖြစ်၍ `မည်သူမျှ ဖိနပ်မစီးရ´ ဟုသာ ရေးသင့်ပါသည်။
အကယ်၍ ဆန့်ကျင်ဘက်သဘောဖြင့် `မည်သည့်သူ ဖြစ်ဖြစ် ဖိနပ်စီးခွင့်ပြုသည်´ဟု ရေးလိုပါက `မည်သူမဆို ဖိနပ်စီးနိုင်သည်´ ဟု ရေးနိုင်ပါသည်။ အကယ်၍ စီးခွင့်မပြုသည်နှင့် တနည်းရေးလိုသော် `မည်သူမဆို ဖိနပ်ချွတ်ရမည်´ ဟု ရေးနိုင်ပါသည်။
မှားတတ်သော အသုံးအနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မည်သူနှင့်မဆို ငြင်းခုန်ခြင်း မပြုကြပါနှင့်။
မည်သည့် ပုဂ္ဂိုလ်ကိုမဆို ရာထူးနှစ်ဆင့်တိုးမပေးရ။
မည်သည့် အလုပ်ကိုမဆို ကိုယ်တွေ့မလုပ်ဘဲ နားမလည်နိုင်။
မည်သူမဆို ငါ့ထံမရောက်လျှင် ငါ့တပည့်မဖြစ်နိုင်။
မည်သည့် လျှောက်လွှာများကိုမဆို အကြောင်းမရှိဘဲ မပယ်နိုင်။
သင့်သော အသုံးအနှုန်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မည်သူနှင့်မျှ ငြင်းခုန်ခြင်း မပြုကြပါနှင့်။
မည်သည့် ပုဂ္ဂိုလ်ကိုမျှ ရာထူးနှစ်ဆင့်တိုးမပေးရ။
မည်သည့် အလုပ်ကိုမျှ ကိုယ်တွေ့မလုပ်ဘဲ နားမလည်နိုင်။
မည်သူမျှ ငါ့ထံမရောက်လျှင် ငါ့တပည့်မဖြစ်နိုင်။
မည်သည့် လျှောက်လွှာကိုမျှ အကြောင်းမရှိဘဲ မပယ်နိုင်။
ထူးခြားချက်တစ်ခုမှာ အောက်ဆုံးစာကြောင်းတွေ မှားတတ်သော အသုံးအနှုန်း၌ လျှောက်လွှာများဟု ထည့်သွင်းရေးသားခြင်း ဖြစ်ပါသည်။
`မည်သူ´ `မည်သည့်´ စသော အသုံးအနှုန်းများ၌ `မဆို´ နှင့် `မျှ´ ကို သုံးရာ၌ `များ´ သုံးလေ့မရှိကြောင်း သတိပြုသင့်ပါသည်။
ပုံစံမှာ -
မည်သူများမဆို ဖိနပ်စီးနိုင်သည်။
မည်သူများမျှ ဖိနပ်မစီးရ။ ဟူသော အသုံးအနှုန်းများ ဖြစ်ပါသည်။
ထိုကြောင့်ပင် `မည်သည့် လျှောက်လွှာကိုမျှ အကြောင်းမရှိဘဲ မပယ်နိုင်´ ဟူ၍ `များ´ ကို ဖြုတ်၍ ရေးသားရပါသည်။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
မြန်မာစကားလုံးတွေကို လေ့လာကြည့်ရင် စကားသံတချို့နဲ့ အနက်အဓိပ္ပါယ်တွေ ဆက်သွယ်နေတာကို စိတ်ဝင်စားဖွယ် တွေ့ရလိမ့်မယ်။ အချို့ ဗျည်းသံတွေက အနက်အဓိပ္ပါယ်ကို ပြုပြင်ပေးနိုင်စွမ်း ရှိကြတယ်။ မြန်မာစကားမှာ ဗျည်းသံတူသလို အနက်အဓိပ္ပါယ်ချင်းလည်း တူညီ နီးစပ်မှုရှိတဲ့ စကားလုံးတွေ ရှိပါတယ်။ သံညင်း၊ သံပြင်း ကွဲပြားမှု သဘောကလည်း အနက်အဓိပ္ပါယ်နဲ့ ဆက်စပ်မှု ရှိပါတယ်။
စကားသံနဲ့ အနက်အဓိပ္ပါယ် ဆက်သွယ်ပုံကို ပြတဲ့နေရာမှာ `ဟ´ ဗျည်းသံက အရေးပါလှတယ်လို့ ဆိုနိုင်တယ်။ `ဟ´ ဗျည်းသံက ဖြစ်ခြင်းပြ အနက် ကို ပြုခြင်းပြ အနက် ဖြစ်အောင် ပြုလုပ်နိုင်စွမ်း ရှိတယ်။ ဖြစ်ခြင်းပြ အနက်ရှိတဲ့ စကားလုံးကို `ဟ´ ဗျည်းသံ ပေါင်းလိုက်တဲ့ အခါမှာ ပြုလုပ်ခြင်း အနက်ရှိတဲ့ စကားလုံးအဖြစ် ပြောင်းသွားတယ်။ ဖြစ်ခြင်းပြ စကားလုံးကို `သုဒ္ဓကြိယာ´ လို့ခေါ်ပြီး ပြုလုပ်ခြင်းပြ စကားလုံးကို `ကာရိုက်ကြိယာ´ လို့ ခေါ်ပါတယ်။
`ဟ´ ဗျည်းကို နောက်က ထား၍ ပေါင်းစပ်ပုံ
က + ဟ - ခ
ကျ + ဟ - ချ
စ + ဟ - ဆ
တ + ဟ - ထ
ပ + ဟ - ဖ
`ဟ´ ဗျည်းကို ရှေ့က ထား၍ ပေါင်းစပ်ပုံ
ဟ + င - ငှ
ဟ + ည - ညှ
ဟ + န - နှ
ဟ + မ - မှ
ဟ + လ - လှ
ကျနော် စုစည်း ရသလောက် ဆက်စပ်မှု ရှိတဲ့ စကားလုံးတွေကို တင်ပြလိုက်ပါတယ်။ အကယ်၍ စာဖတ်သူဘက်က စာရင်းမှာ မပါသေးတဲ့ စကားလုံးတွေ မှတ်မိမယ် သတိရမယ်ဆိုရင် ပြောပေးခဲ့ပါဦး။ ကျနော် စာရင်း ပြုစုချင်လို့ အကူအညီ တောင်းခံခြင်းပါ။
အထက်ပါ စာစုကို သုဒ္ဒဗေဒအက္ခရာ ပူးတွဲဘာသာစကားနှင့် အဓိပ္ပါယ် ပြည့်စုံသော စကားစု - ဆရာချိန် (ပဲခူး) ရဲ့ ဆောင်းပါး၊ မျက်မှောက်ရေးရာ မဂ္ဂဇင်း အတွဲ (၁) အမှတ် (၇) မှ ထုတ်နှုတ် တင်ပြခြင်း ဖြစ်ပါသည်။
အစိမ်းရောင်နဲ့ ပြထားတဲ့ စကားစုက ဖြစ်ခြင်းပြ အနက် ( ဟ သံမပါ) ဖြစ်ပြီး နက်ပြာရောင်နဲ့ ပြထားတဲ့ စကားစုက ပြုခြင်းပြ အနက် (ဟ သံပါ) ဖြစ်ပါတယ်။
ကျသည် - ချသည်
ကျဲသည် - ချဲသည်
ကျန်သည် - ချန်သည်
ကျက်သည် - ချက်သည်
ကျွတ်သည် - ချွတ်သည်
ကျုံ့သည် - ချုံ့သည်
ကျိုးသည် - ချိုးသည်
ကျေသည် - ချေသည်
ကွာသည် - ခွာသည်
ကွဲသည် - ခွဲသည်
ကုန်းသည် - ခုန်းသည်
ကြွေသည် - ခြွေသည်
ကြောက်သည် - ခြောက်သည်
စုံသည် - ဆုံသည်
စွဲသည် - ဆွဲသည်
ညွတ်သည် - ညွှတ်သည်
တုပ်သည် - ထုပ်သည်
နစ်သည် - နှစ်သည်
ပိသည် - ဖိသည်
ပဲ့သည် - ဖဲ့သည်
ပြဲသည် - ဖြဲသည်
ပြေသည် - ဖြေသည်
ပြတ်သည် - ဖြတ်သည်
ပြုတ်သည် - ဖြုတ်သည်
ပြုန်းသည် - ဖြုန်းသည်
ပျော့သည် - ဖျော့သည်
ပျော်သည် - ဖျော်သည်
ပျက်သည် - ဖျက်သည်
ပျောက်သည် - ဖျောက်သည်
ပေါက်သည် - ဖောက်သည်
မြုတ်သည် - မြှုတ်သည်
လဲသည် - လှဲသည်
လွဲသည် - လွှဲသည်
လန်သည် - လှန်သည်
လည်သည် - လှည့်သည်
လိမ့်သည် - လှိမ့်သည်
လွင့်သည် - လွှင့်သည်
လွတ်သည် - လွှတ်သည်
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
စကားလုံး မြှုပ်ရေးတဲ့ ၀ါကျ ဖွဲ့စည်းပုံမျိုးက နေ့စဉ်သုံး ပြောစကားတွေမှာ မရှိမဖြစ်တဲ့ လက္ခဏာတွေ ဖြစ်တယ်။ အဲဒါတွေရဲ့ စည်းမျဉ်းသက်မှတ်ချက်၊ ဆက်နွယ်လေ့လာမှုတွေဟာ နည်းပါးနေသေးတယ်။ စကားလုံးမြှုပ်ရေးခြင်းကို တစ်ခါတစ်ရံမှာ `လျှော့ချခြင်း´၊ `အကျဉ်းချုံးခြင်း´ နှင့် `အစ စကားလုံး ဖွဲ့စည်းခြင်း´ တွေနဲ့လည်း ဆက်စပ် လေ့လာနိုင်တယ်။
စကားလုံး လျှော့ချ ဖွဲ့စည်းခြင်း (Reduction) ဆိုတာ `ဥဒေါင်း´ ကို `ဒေါင်း´ လို့ ပြောကြသလို ၊ `သရက်အပင်´ ကို `သရက်ပင်´ လို့ ပြောကြတယ်။
အကျဉ်းချုံခြင်း (Contraction) ဆိုတာ ညွှန်ကြားရေးမှူးချုပ်ကို `ညွှန်ချုပ်´ လို့ ပြောကြသလို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို `စီးပွားကူးသန်း´ လို့ ပြောကြသလို၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို `ပြည်ခိုင်ဖြိုး´ လို့ ပြောကြတယ်။
အစ စကားလုံး ဖွဲ့စည်းခြင်း (Abbreviation) ဆိုတာ အစ စကားလုံးတွေကို ယူပြီး ဖွဲ့စည်းခြင်းကို ခေါ်တယ်။ မြန်မာမီးရထားကို `မမ´ လို့ ခေါ်ကြသလို လူဝင်မှု ကြီးကြပ်ရေး ကို `လ၀က´ လို့ ပြောကြသလိုမျိုး ပါ။
သဒ္ဒါ အစိတ်အပိုင်း မြှုပ်ရေးခြင်းဟာ သတင်း အချက်အလက် ပေးတဲ့ အခါမျိုးမှာ အရေးကြီး အချက်အလက် အပေါ် ဗဟိုပြု ရေးရတယ်။ ဒါကြောင့် ပြောချင်တာကို အတတ်နိုင်ဆုံး တိုတိုတောင်းတောင်းနဲ့ ထိထိမိမိ ဖော်ပြနိုင်ဖို့ အထောက်အကူ ပြုလေ့ရှိတယ်။ မှတ်စုလိုက်ရေးခြင်း၊ သတင်းစာကြေငြာ ရေးနည်းရေးဟန်၊ ကြေးနန်း အရေးအသား၊ သတိပေး တားမြစ်ချက် စတဲ့ နေရာတွေမှာ စကားလုံး မြှုပ်ရေးခြင်းကို အများဆုံး တွေ့ရတယ်။ စကား မြှုပ်ရေးတဲ့ဟန်က အရေးထက် အပြောမှာ ပိုပြီး ထူးထူးခြားခြား သုံးတာကို တွေ့ရတယ်။ အပြန်အလှန် ပြောစကားတွေ များတာကြောင့် မလိုအပ်ဘဲ ထပ်တလဲလဲ ပြောနေရမှာကို ရှောင်ချင်တဲ့အတွက် သုံးကြတယ်။
မြန်မာဘာသာ စကားရဲ့ ၀ါကျတွေမှာ သဒ္ဒါ အစိတ်အပိုင်း မြှုပ်ပြီး ရေးဟန် (၄) မျိုး ရှိပါတယ်။ (၁) ၀ိဘက်မြှုပ်ရေးဟန်၊ (၂) နာမ်မြှုပ်ရေးဟန်၊ (၃) ကြိယာမြှုပ်ရေးဟန် နဲ့ (၄) ၀ါကျခွဲမြှုပ်ရေးဟန် တွေ ဖြစ်တယ်။
ဝိဘတ်မြှုပ်ရေးဟန် မြန်မာ ဘာသာစကားဟာ ၀ိဘတ်ကို အခြေပြုပြီး ပြောဆို ရေးသားရတဲ့ ဘာသာစကား ဖြစ်တယ်။ နာမ်ဝိဘတ်တွေ၊ ကြိယာဝိဘတ်တွေဟာ နာမ်၊ ကြိယာတွေရဲ့ တာဝန်ကို ဝေဖန် ပိုင်းခြားပြတဲ့ စကားလုံး ဖြစ်တယ်။
(က) ကတ္တားဝိဘတ် (က၊ သည်) ကို မြှုပ်၍ ရေးခြင်း- သူကလည်း ကျွန်တော့်ကို ကူညီတယ်။
- သူ(--)လည်း ကျွန်တော့်ကို ကူညီတယ်။
- သူသည်ပြေးသည်။
- သူ(--)ပြေးသည်။
(ခ) ကံဝိဘတ် (ကို) ကို မြှုပ်၍ ရေးခြင်း- ဖေဖေက သတင်းစာကို ဖတ်နေတယ်။
- ဖေဖေက သတင်းစာ(--) ဖတ်နေတယ်။
- ပန်းကို မခူးရ။
- ပန်း(--) မခူးရ။
- လမ်းကို ပြင်နေသည်။
- လမ်း(--) ပြင်နေသည်။
(ဂ) ရှေးရှုရာပြ ၀ိဘတ် (သို့) ကို မြှုပ်၍ ရေးခြင်း- မနက်ဖြန် တောင်ကြီးသို့ သွားမည်။
- မနက်ဖြန် တောင်ကြီး(--) သွားမည်။
(ဃ) ၀ါကျ အဆုံးသတ် ၀ိဘတ်များ ဖြစ်တဲ့ ကြိယာဝိဘတ် (သည်၊ တယ်) ကို မြှုပ်၍ ရေးခြင်းသိပ္ပံမောင်ဝရဲ့ စကားပြေတွေမှာ အများဆုံး တွေ့ရတယ်။
- ရွာသူကြီး သင်္ဘောဆိုက်ရာသို့ ပြေး၍ ဆင်းသွား(--)။
- အတွင်းသို့ ၀င်ကြည့်ကြ(--)။
နာမ်မြှုပ်ရေးဟန် နာမ်ပုဒ်တွေကို မြှုပ်ထားပေမယ့် မူလ အဓိပ္ပါယ် မပျက်၊ ရှင်းလင်းမှုလည်း ရှိတယ်။ နာမ်ပုဒ် မြှုပ်တဲ့နေရာမှာ ဦးဆောင်နာမ်ပုဒ်၊ ကတ္တားပုဒ်နဲ့ ကံပုဒ်တွေကို မြှုပ်ရေးလေ့ ရှိတယ်။
(က) ဦးဆောင်နာမ်ပုဒ်ကို မြှုပ်၍ ရေးခြင်းပါဝါမျက်မှန်ပဲ လုပ်လုပ်၊ နေကာမျက်မှန်ပဲ လုပ်လုပ်။
ပါဝါ (---) ပဲ လုပ်လုပ်၊ နေကာ (---) ပဲ လုပ်လုပ်။
(ခ) ကတ္တားပုဒ်ကို မြှုပ်၍ ရေးခြင်း- (--) အ၀တ်ကို ကန်ပေါင်ပေါ်၌ မလျှော်ရ။
- (--) သွားကြစို့။
- (--) ဘယ်မှာ နေသလဲ။
(ဂ) အမှီဝါကျခွဲနှင့် အမှီခံဝါကျတို့၌ ကတ္တားပုဒ်နှင့် ကံပုဒ်တို့ကို မြှုပ်၍ ရေးခြင်း- (ကားသမားတို့သည်) ကားကိုရပ်ကာ ကားသမားတို့သည် ဆိုင်၌ ထမင်း ၀င်စားကြသည်။ (အမှီ ၀ါကျခွဲ ကတ္တား မြှုပ်ခြင်း)
- ကားသမားတို့သည် ကားကိုရပ်ကာ (ကားသမားတို့သည်) ဆိုင်၌ ထမင်း ၀င်စားကြသည်။ (အမှီခံ ၀ါကျခွဲ ကတ္တား မြှုပ်ခြင်း)
- ဆရာက (ကျောင်းသားများကို) ဂရုတစိုက် သင်သဖြင့် ကျောင်းသားများ အားလုံး စာမေးပွဲ အောင်ကြသည်။ (အမှီ ၀ါကျခွဲ ကံမြှုပ်ခြင်း)
(ဃ) စကားစဉ် ပြောဆိုရာ၌ လည်းကောင်း၊ အမေးအဖြေ ပြုရာ၌ လည်းကောင်း ကတ္တားပုဒ်ကို မြှုပ်၍ ရေးခြင်း- ကျွန်တော့် ကလေးတွေက အားကစား မျိုးစုံ ကစားကြတယ်လေ။ (---) နှစ်ယောက်စလုံး သိပ် သန်မာတာပဲ။
- မင်း ဘယ်မှာ နေသလဲ။ (---) ရန်ကုန်မှာပဲ နေတယ်။
ကြိယာပုဒ် မြှုပ်ရေးဟန်
(က) `ဖြစ်သည်´ ဟူသော ကြိယာကို မြှုပ်၍ ရေးခြင်း- သူက ဆရာဝန် (---) ပေါ့။
- မင်းက ဘယ်သူ (---) လဲ။
(ခ) နေရာကို ဖော်ပြရာ၌ ကြိယာကို မြှုပ်၍ ရေးခြင်း- မင်းက အခု ဘယ်မှာနေလဲ။ ကျွန်တော်အခု ရန်ကုန်မှာ (---) ပါ။
- ဘယ်သွားမလို့လဲ။ မြို့ကို (---) ပါ။
(ဂ) မေးခွန်းများကို ဖြေသည့်အခါ၌ လိုရင်းပုဒ်ကိုသာ ထည့်၍ ကြိယာ မြှုပ်ရေးခြင်း- စားပြီးပြီလားဟေ့။ ဟုတ်ကဲ့ (---) ပြီးပါပြီ။
- ဘာလို့ နောက်ကျနေတာလဲ။ မိုးကြောင့် (---) ပေါ့။
ဝါကျခွဲမြှုပ်ရေးဟန် ၀ါကျရောကို ဖွဲ့စည်းတဲ့အခါမှာ အမှီဝါကျခွဲတွေနဲ့ အမှီခံ ၀ါကျခွဲတွေကို ၀ါကျခွဲ အဆက်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ စကားစဉ် ဆက်စပ်မှုနဲ့ အပြန်အလှန် ပြောစကားတွေမှာ ကြိုတင် သက်ရောက်မှုတွေ ရှိတဲ့အတွက် ၀ါကျရောတွေမှာ `အမှီ ၀ါကျခွဲ´ တွေကို မြှုပ်လေ့ရှိတယ်။
ဥပမာ - ဘာလို့ သုံးယောက်စာပဲ ချက်ထားရတာလဲ။ မောင်မောင်လည်း ညစာစားမှာပဲ မဟုတ်လား။
အဟုတ်လား။ (-----) သူ ကျွန်တော့်ကို ပြောမထားဘူး။
(မောင်မောင်လည်း ညစာစားမယ်လို့) ဆိုတဲ့ အမှီ ၀ါကျခွဲကို မြှုပ်ပြီး ပြောထားတာပါ။
အပေါ်မှာ ရှိတဲ့ စာပိုဒ်တွေဟာ
စိုးနိုင် (ကထိက၊ ဒေါက်တာ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) ရဲ့ စာတမ်းဖြစ်တဲ့ `
မြန်မာ ဘာသာစကားရှိ ၀ါကျတွင်း သဒ္ဒါ အစိတ်အပိုင်းများ မြှုပ်ရေးဟန်´ ကို အရေးကြီးတဲ့ အပိုင်းပဲ ဖြတ်ပြီး တင်ပြထားတာပါ။ သိသင့် သိထိုက်တဲ့ မြန်မာဘာသာ စကားဆိုင်ရာ ဗဟုသုတ တွေမို့ အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ တင်ပြလိုက်ပါတယ်။ နောက်ပြီး မှတ်တမ်းတင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
မြန်မာစာကို ဖတ်တဲ့နေရာမှာ ပါဌ်ဆင့်နဲ့ အသတ်တွေကို အသံထွက်တဲ့ အခါမှာ အတော်ကလေး မှားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ဖူးထားတဲ့ ဗဟုသုတလေး တချို့ကို ပြန်လည် ဖြန့်ဝေ ပေးချင်ပါတယ်။ ဒါကို ဝေါဟာရတ္ထပကာသနီကျမ်း မှာ ဖော်ပြထားတယ် ဆိုပေမယ့် ကျနော်က ဦးထွန်းမြင့်ပြုစုထားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓါန် စာအုပ်ထဲက မှတ်သားထားတာပါ။
- က် - ဣ (အိ) ကသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ကြိုးကြာကရ၀ိက်၊ တောလုံးထိတ်မျှ၊ ညိတ်ညိတ်တွန်ထူး၊ ...။´ `စေတသိက်၊ ဘိသိက်၊ လောကန္တရိက်၊ ... ´ စသဖြင့်လည်း အတူတူပါပဲ။
- ခ် - ဥ (အု) ခသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ဗလ၀ါမုခ်၊ ခံတွင်းနှုတ်သို့၊ အနုတ္တရည်း၊ ...။ ´ ဣ (အိ) ခသတ်ကို `န´သတ် အသံအတိုင်း ဖတ်ရတယ်။ ဥပမာ ပဉ္စသိခ် မှာ ပဉ္စသိန် လို့ ဖတ်ရမယ်။
- ဂ် - အ ဂငယ်သတ်ကို `က´သတ် သံလိုပဲ ဖတ်ရမယ်။ `မိုးမြေအောက်ထက်၊ ဘ၀ဂ်တိုင်တန်း၊ သက်သေညွှန်းလျက်၊ ... ။´ ဥ (အု) ဂငယ်သတ်ကို `တ´သတ်သံ ဖတ်ရတယ်။ `မဆီဆုတ်ယုတ်၊ ကလိယုဂ်ဖြင့်၊ ရုတ်ရုတ်ယောင်ခါ၊ ... ။´
- င် - ဣ (အိ) ငသတ်၊ ဥ (အု) ငသတ်တို့ကို `န´သတ်သံ ဖတ်ရတယ်။ ဥပမာ သိင်္ခသူ ကို သိန်ခသူ ဟု လည်းကောင်း၊ ကုင်္ကုမံ ကို ကုန်ကုမံဟု လည်းကောင်း ဖတ်ရတယ်။
- စ် - ဣ (အိ) စသတ်၊ ဥ (အု) စသတ်တို့ကို `တ´သတ်သံ ဖတ်ရတယ်။ ဥပမာ အနိစ္စ ကို အနိတ်စ ဟု လည်းကောင်း၊ ပရိယာယ်ေ၀၀ုစ် ကိုေ၀၀ုတ် ဟု လည်းကောင်း ဖတ်ရတယ်။
- ဇ် - ဇသတ်က `စ´သတ်နဲ့ တူတယ်။ ဥပမာ ၀ိဇ္ဇာ ကို ၀ိစ်ဇာ လို့ ဖတ်ရတယ်။ အို ဇ သတ်ကို `အိုက်´သံ ထွက်ရတယ်။ ဥပမာ ပရိဗိုဇ် ကို ပရိပိုက် လို့ အသံထွက်ရမယ်။
- ဋ် - ဋသံလျှင်းချိတ်သတ်က `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဆဋ္ဌ - ဆဋ် ဌ (ဆတ်ဌ)၊ အဋ္ဌ - အဋ် ဌ (အတ်ဌ)၊ ၀ိသိဋ္ဌ - ၀ိသိဋ်ဌ (၀ိသိတ်ဌ) လို့ ဖတ်ရမယ်။
- ဍ် - ဍရင်ကောက်သတ်ကလည်း `တ´သတ်နဲ့ တူတယ်။ ဥပမာ ဂုဏ၀ုဍ္ဎိ - ဂုဏ၀ုဍ်ဎိ (ဂုဏ၀ုတ်ဎိ) လို့ အသံ ထွက်ပါတယ်။
- ထ် - ထဆင်တူးသတ်ကလည်း `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဣရိယာပုထ် ကို အိရိယာပုတ် လို့ အသံ ထွက်ပါတယ်။
- ဒ် - ဒဒွေးသတ်ကလည်း `တ´ သတ်နဲ့ တူပါတယ်။ ဥပမာ ဥပဒ် ကို ဥပတ်၊ ဥပိုဒ် ကို ဥပိုတ်လို့ အသံ ထွက်ပါတယ်။
- ဏ် - ဏကြီးသတ်က `န´သတ်နဲ့ တူတယ်။ အို ဏ သတ်ဖြစ်ရင်တော့ `င´ သတ်အသံနဲ့ ဖတ်ရပါတယ်။ ဥပမာ လိုဏ် ကို လိုင်၊ တုရိုဏ်တိုင် ကို တုရိုင်တိုင် လို့ ဖတ်ရပါတယ်။ ချွင်းချက်အနေနဲ့ ကြိုဏ် ကို ကြို လို့ပဲ ဖတ်ပါတယ်။
- ဗ် - ဗထက်ချိုင့်သတ်က `ပ´သတ်နဲ့ တူတယ်။ ဥပမာ ဒြဗ် ဆိုတဲ့ စကားလုံးကို ဒြပ်လို့ အသံထွက်တယ်။
- ဘ် - ဘကုန်းသတ်ကလည်း `ပ´သတ်နဲ့ တူတယ်။ ဥပမာ လာဘ် ကို လပ် လို့ အသံထွက်တယ်။
- ယ် - အ၊ အာ ကို ယသတ်ရင် `အယ်´သံ ထွက်တယ်။ ဥပမာ ကြယ်၊ နိကာယ်။ ဥ (အု) ကို ယသတ်ရင်တော့ `န´သတ်သံ ထွက်တယ်။ ဥပမာ ယေဘုယျ - ယေဘုယ်ယ (ယေဘုန်ယ)၊ ဥယျောဇဉ် - ဥယ်ယောဇဉ် (အုန်ယောဇင်) လို့ ဖတ်တယ်။ ချွင်းချက် အနေနဲ့ ဥယျာဉ် (ဥယ်ယာဉ်) ကို အုန်ယာဉ် လို့ မဖတ်ဘဲ ဥယာဉ်လို့ပဲ ဖတ်ပါတယ်။
- ရ် - ဧ (အေ) ရကောက်သတ်ကို `ည´သတ်သံ ကဲ့သို့ ဖတ်ရတယ်။ ဥပမာ ထေရ် ကို ထည် လို့ ဖတ်ရပါတယ်။ `ဥဒါယီထေရ်၊ ရှေးရိုးတည်လျက်၊ ထွက်သည်နေ့က၊ ထိုနှစ်လလျှင်၊ ... ´ အို ကို ရကောက်သတ်လျှင် အသတ်သံ အထူးမထွက်။ ဥပမာ နဂိုရ် ကို နဂို လို့ပဲ ဖတ်ရမယ်။
- လ် - လသတ်ဟာ `န´သတ်နဲ့ အသံတူတယ်။ ဥပမာ ပန်းမာလ် ဆိုရင် ပန်းမာန် လို့ အသံထွက်ရမယ်။ မိလ္လာ ကို မိန်လာ၊ ပုလ္လိင် ကို ပုန်းလိင် လို့ အသံထွက်ရမယ်။ အိုကို လသတ်မယ် ဆိုရင်တော့ အသတ်သံ ထွက်စရာ မလိုဘူး။ ဥပမာ ကုသိုလ် ကို ကုသို လို့ပဲ ဖတ်တယ်။
- ၀် - ၀သတ်ဟာ အသတ်သံ ထူးထူးထွေထွေ မထွက်ဘူး။ ဒါကြောင့် မြန်မာစာမှာ ၀သတ်ကို မသုံးတော့ဘူး။ ဒါပေမယ့် သြဘာစာမှာ `သောဝ်´ ဆိုတာ တွေ့ရမယ်။ သူ့ကို ဖတ်ရင် `သော´ကို အသံရှည်ရှည် ဆွဲဖတ်ရတယ်။
- သ် - သသတ်ဟာ `တ´သတ်နဲ့ တူတယ်။ ဥပမာ မိဿ - မိသ်သ (မိတ်သ)၊ ဥပုသ် ကို ဥပုတ်လို့ ဖတ်ရမယ်။
- ဟ် - ဟသတ်က `န´သတ်နဲ့ တူတယ်။ ဥပမာ သိဟ်ရာသီ မှာ သိန်ရာသီ၊ ဂိမှာန် - ဂိဟ်မာန် (ဂိန်မန်) လို့ ဖတ်ရမယ်။
ချွင်းချက်အနေနဲ့
စကြ၀ဠာ - စက်ကြာဝဠာ လို့ ဖတ်တယ်။
တိရစ္ဆာန် - တိရစ်ဆန်လို့ ဖတ်ရမှာပါ။ ဒါပေမယ့် တရိတ်ဆန်လို့ ဖတ်ကြတယ်။
ပဋိသန္ဓေ - ပဋိတ်သဓေ လို့ ဖတ်ကြတယ်။
ပရိသတ် - ပရိတ်သတ် လို့ ဖတ်တယ်။
ပြာသာဒ် - ပြတ်သာဒ် လို့ ဖတ်တယ်။
ဗိမာန် - ဗိတ်မှန် လို့ ဖတ်တယ်။
မေတ္တာ - မစ်တာ လို့ ဖတ်တယ်။ ဧ (အေ) တသတ်ဟာ
`စ´သတ် (အစ်) သံထွက်ရတယ်။ မေတ္တာ - မစ်တာ၊ ခေတ် - ခစ် လို့ အသံထွက်တယ်။
ဝါကျ - ၀က်ကျ လို့ ဖတ်တယ်။
သုသာန် - သုတ်သာန် လို့ ဖတ်တယ်။
စကားလုံးတွေ ကျန်နေပါဦးမယ်။ ကျနော် သိသလောက် ဥပမာအနေနဲ့ ဖော်ပြလိုက်တာပါ။
အသေးစိတ် သဒ္ဒါနည်း အပြည့်အစုံနဲ့ မှတ်သားချင်ရင်တော့
ဦးထွန်းမြင့် ရေးသားထားတဲ့
ပါဠိသက်ဝေါဟာရ အဘိဓာန် စာအုပ်မှာ လေ့လာဖတ်ရှု နိုင်ပါတယ်။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
မြန်မာစာပေ အရေးအသားပိုင်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာတော့ မကြာသေးပါဘူး။ ဒါပေမယ့် အပြောအဆိုပိုင်းတော့ ငယ်ငယ်ကတည်းက အတော်လေး စိတ်ဝင်စားလို့ စကားကြွယ်နည်း စာအုပ်တွေ တွေ့တိုင်း ၀ယ်ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေ ကြားမှာ အမြဲ ငြင်းနေရတော့ ကိုယ်က တော်ကီကောင်းမှ သူတို့ထက် နှာတစ်ဖျား သာမယ်လေ။ ဥပမာ ဥပမေယျ တွေက ချည်ပြီး တုတ်ပြီး ပြောမှ သူငယ်ချင်းတွေက လက်ခံကြတာ ဆိုတော့ သူတို့ကို ငြင်းဖို့ဆို အချက်အလက် အတော် ရှာရတယ်။ သူတို့နဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ငြင်းလာကြတာ ဆိုတော့ တဖြည်းဖြည်းနဲ့ လက်ရည်တက်လာတာ ပေါ့ဗျာ။ ကျနော် မြန်မာစာနဲ့ ပတ်သက်ပြီး သိချင်ပေမယ့် စာအကိုးအကားနဲ့ မတွေ့လို့ လိုက်ရှာနေတဲ့ အကြောင်းအရာ တချို့ ရှိတယ်ဗျ။ အဲဒီထဲက တစ်ခုကတော့ အက္ခရာ နှစ်ထပ်ဆင့်တွေ အကြောင်းပါ။ ကမ္ဘာမှာရှိတဲ့ တိုင်းရင်းအက္ခရာ အမျိုးအစား အများကြီးထဲမှာ အက္ခရာကို နှစ်လုံးဆင့်ပြီး ရေးတတ်တဲ့ လူမျိုး မရှိသလောက် ရှားပဲ။ ဒီအက္ခရာတွေ နှစ်လုံး ဆင့်ကြတဲ့ အခါ ဘယ်လို ဥပဒေသနဲ့ ဆင့်ကြသလဲ ဆိုတာ ကျနော် လိုက်ရှာနေတာ အတော်ကြာသွားပါပြီ။ မြန်မာစာ ဌာနက ထုတ်တဲ့ စာအုပ်တွေ လက်လှမ်းမီသလောက် ၀ယ်ဖတ်တာလည်း မတွေ့။ ဆောင်းပါးတွေ ကြုံရင် ဖတ်ကြည့်တာလည်း မမြင်ဖြစ်နေတယ်။ ဒါပေမယ့် ကံကောင်း ထောက်မချင်တော့ စိန္တာမဏိ ဦးချစ်မောင် ပြုစုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း မှာ သွားတွေ့တော့ ကျနော် အတော် ပျော်သွားတယ်။ ဒါကြောင့် တခြား စိတ်ဝင်တစား ရှာနေတဲ့လူရော၊ မရှာပေမယ့် မြန်မာစာကို ချစ်မြတ်နိုးတဲ့ လူရော၊ မမြတ်နိုးတတ်ပေမယ့် အသုံးချနေကြရတဲ့ လူတွေရော လေ့လာနိုင်အောင် ကျနော် နားလည်သလို စီကုံးပြီး တင်ပြပေးလိုက်ပါတယ်။
မြန်မာ အက္ခရာမှာ ဗျဉ္ဇန ခေါ် ဗျည်း ၃၃ လုံး ရှိတာ လူတိုင်း သိပါတယ်။ အဲဒီ အက္ခရာတွေကို အုပ်စု ခေါ် ၀ဂ် အနေနဲ့ အုပ်စု ခွဲလိုက်ရင်
`က´ ၀ဂ် အနေနဲ့ က၊ ခ၊ ဂ၊ ဃ၊ င
`စ´ ၀ဂ် အနေနဲ့ စ၊ ဆ၊ ဇ၊ ဈ၊ ည
`ဋ´ ၀ဂ် အနေနဲ့ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ
`တ´ ၀ဂ် အနေနဲ့ တ၊ ထ၊ ဒ၊ ဓ၊ န
`ပ´ ၀ဂ် အနေနဲ့ ပ၊ ဖ၊ ဗ၊ ဘ၊ မ
* ဒါတွေကို အသံဖြစ်ပေါ်ရာ ဌာနနဲ့ မူတည်ပြီး ဌာန်ငါးပါးဆိုပြီး ထပ်ခွဲပြပါတယ်။
`အ´ ၀ဂ် အနေနဲ့ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ၊ အ
အပေါ်ကဟာတွေကို ရှင်းရှင်းလင်းလင်း မြန်မာလို ခေါ်ရင် `က´ အုပ်စု၊ `စ´ အုပ်စု၊ `ဋ´ အုပ်စု၊ `တ´ အုပ်စု နဲ့ `ပ´ အုပ်စု လို့ ခေါ်လို့ရတယ်။ ကျန်တဲ့ ဗျည်း ရှစ်လုံးကတော့ တစ်လုံးနဲ့ တစ်လုံး အသံဖြစ်တဲ့နေရာ မတူကြလို့ ပါဠိလိုတော့ အ၀ဂ်၊ မြန်မာလိုတော့ အုပ်စုမဟုတ်သော ဗျည်းများလို့ ခေါ်တယ်။ ဒါတွေက ကျောင်းက သဒ္ဒါထဲမှာ ပျင်းနေအောင် သင်ခဲ့ရပါတယ်။
အခုဆက်ပြောမှာ အဲဒီ စာအုပ်တွေထဲ မပါပါဘူး။ (ကျနော် အဲဒီနေ့က ကျောင်းမတက်တာလည်း ဖြစ်နိုင်ပါတယ်။)
အဲဒီ ဗျည်း ၃၃ လုံးကို အထီး အမ ခွဲထားတယ်။ အဖို အမ ခွဲပုံက ဒီလိုပါ။ ခုန ငါးလုံးတွဲ အုပ်စုရဲ့ အစ စာလုံးတွေက အဖိုတွေ ပေါ့။ နောက် အဲဒီ အစအက္ခရာတွေရဲ့ တစ်လုံးကျော်မှာ ရှိတဲ့ အက္ခရာတွေကို အဖိုဗျည်းလို့ သက်မှတ်တယ်။ ကြားထဲမှာ ကျန်ရစ်ခဲ့တဲ့ အက္ခရာတွေကတော့ အမဗျည်းတွေပေါ့။ ဒါဆို စာရင်း ချကြည့်တာပေါ့။
အဖိုဗျည်းများ - က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ စတဲ့ (၁၅) လုံး။
အမဗျည်းများ - ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ စတဲ့ (၁၀) လုံး။
အက္ခရာ နှစ်ထပ်ဆင့် ရေးကြတဲ့အခါမှာ ဥပဒေသ တချို့ရှိတယ်။
၁။ အဖို အဖိုချင်း ထပ်ရေးလို့ ရတယ်။
ဥပမာ ။ သက္က၊ မဂ္ဂ၊ ကိစ္စ၊ ၀ဇ္ဇ၊ ၀ဏ္ဏ၊ သတ္တ၊ သဒ္ဒ၊ ပန္န၊ သိပ္ပ၊ သဗ္ဗ၊ ဓမ္မ စသဖြင့်ပေါ့။
၂။ အမ အမချင်း ထပ်ရေးလေ့ မရှိဘူး။
ဥပမာ ။ ခ္ခ၊ ဃ္ဃ၊ ဆ္ဆ၊ ထ္ထ၊ ဓ္ဓ၊ ဖ္ဖ၊ ဘ္ဘ စသဖြင့် ရေးလို့ မရပါဘူး။
၃။ အဖိုနဲ့ အမ ထပ်လို့ ရတယ်။ ဒါပေမယ့် အဖိုက အပေါ်က၊ အမက အောက်က နေရမယ်။
ဥပမာ ။ ယက္ခ၊ အဂ္ဃ၊ အစ္ဆ၊ အဇ္ဈ၊ အတ္ထ၊ ဗုဒ္ဓ၊ ပုပ္ဖ၊ လဗ္ဘတိ စသဖြင့် ရေးလို့ရတယ်။
၎။ ကျန်တဲ့ ဗျည်း (၈) လုံး အတွက်က အ၀ဂ္ဂေါ၊ နပုံသကော တဲ့။ အဓိပ္ပါယ်က အုပ်စုမဟုတ်တဲ့ ဗျည်း (၈) လုံးက အဖိုလည်းမဟုတ်၊ အမလည်းမဟုတ်တဲ့ နပုံဗျည်းများ ဖြစ်တယ်တဲ့။ အခြောက်ဗျည်းပေါ့ဗျာ။ ဒါကြောင့် သူတို့က ဆင့်ချင်သလို ဆင့်လို့ ရသတဲ့။
ဥပမာ ။ ဗြဟ္မာ နဲ့ ဂိမှာနံ ( ဂိမှာနံ မှာပါတဲ့ `မှ´ ရဲ့ မူလ စာရေးပုံက မ နဲ့ ဟ ကို အထက်အောက် ဆင့်ထားလို့ `မှ´ ဆိုတဲ့ စကားလုံး ရတာပါ။ ဒါကြောင့် `-ှ´ ကို ဟထိုးလို့ မြန်မာလို အသံထွက်ပါတယ်။ အလျင်းသင့်ရင် ပင့်ရစ်စွဲထိုး အကြောင်း ပြောပြချင်ပါသေးတယ်။)
၅။ ယ၊ လ၊ သ၊ ဠ ဆိုတဲ့ အ၀ဂ်ဗျည်းတွေက သူ့ ဖာသာသူ ပြန်ထပ်ရလို့ အဖိုဗျည်းလို့လည်း ထည့်တွက်ကြပါသေးတယ်။
ဥပမာ ။ ပေယျာလ၊ ဒုလ္လဘ၊ နမောတဿ၊ ၀ိရုဠက (ဇော်ဂျီတွင် ဠကြီး နှစ်လုံးဆင့် မရှိ၍)။
* ယျာ ရဲ့ မူလ ရေးသားပုံက `ယ´ အက္ခရာ နှစ်လုံးဆင့် ထားတာပါ။ ဒါကြောင့် `-ျ´ ကို ယပင့်လို့ အသံထွက်ပါတယ်။
* ဿ က `သ´ အက္ခရာ နှစ်လုံးဆင့် ထားတယ်လို့ လူအများ သိပြီး ဖြစ်ပါလိမ့်မယ်။
၆။ ရ၊ ၀၊ ဟ၊ အ ဆိုတဲ့ အ၀ဂ်ဗျည်းတွေကတော့ အချင်းချင်း ပြန်ထပ်တာ မတွေ့ရတော့ သူတို့ကို အမ စာရင်းထဲ ထည့်တွက်ကြတယ်လေ။
ဒါဆို ဗျည်း (၃၃) လုံးမှာ အဖိုဗျည်း (၁၉) လုံး နဲ့ အမဗျည်း (၁၄) လုံး ရှိတယ်လို့ ယူဆလို့လည်း ရပါတယ်။
ကျနော် အခု ရေးထားတာကို အချို့လည်း စိတ်ဝင်စားလိမ့်မယ်။ အချို့လည်း စိတ်မ၀င်စားလောက်ဘူး။ ဒီပို့စ်ကို တင်ရတဲ့ ကျနော်ရဲ့ အဓိက ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ နံပါတ်တစ်က မြန်မာစာကို စိတ်ဝင်စားတဲ့လူ လေ့လာမှတ်သားလို့ ရအောင်ပါ။ ဒုတိယက ဒီဥပဒေသတွေ လူသိနည်းလာပြီး မှတ်တမ်းအနေနဲ့ မပျောက်မပျက်အောင် တစ်ဖက်တစ်လမ်းက ကူညီပြီး မှတ်တမ်းတင်ပေးတဲ့ သဘောပါ။
အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။
ဆက်ဖတ်ချင်သေးရင်တော့ ...
အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။