ဝါကျ၌ စကားလုံး မြှုပ်ရေးခြင်း

2007-11-29

စကားလုံး မြှုပ်ရေးတဲ့ ၀ါကျ ဖွဲ့စည်းပုံမျိုးက နေ့စဉ်သုံး ပြောစကားတွေမှာ မရှိမဖြစ်တဲ့ လက္ခဏာတွေ ဖြစ်တယ်။ အဲဒါတွေရဲ့ စည်းမျဉ်းသက်မှတ်ချက်၊ ဆက်နွယ်လေ့လာမှုတွေဟာ နည်းပါးနေသေးတယ်။ စကားလုံးမြှုပ်ရေးခြင်းကို တစ်ခါတစ်ရံမှာ `လျှော့ချခြင်း´၊ `အကျဉ်းချုံးခြင်း´ နှင့် `အစ စကားလုံး ဖွဲ့စည်းခြင်း´ တွေနဲ့လည်း ဆက်စပ် လေ့လာနိုင်တယ်။

စကားလုံး လျှော့ချ ဖွဲ့စည်းခြင်း (Reduction) ဆိုတာ `ဥဒေါင်း´ ကို `ဒေါင်း´ လို့ ပြောကြသလို ၊ `သရက်အပင်´ ကို `သရက်ပင်´ လို့ ပြောကြတယ်။
အကျဉ်းချုံခြင်း (Contraction) ဆိုတာ ညွှန်ကြားရေးမှူးချုပ်ကို `ညွှန်ချုပ်´ လို့ ပြောကြသလို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို `စီးပွားကူးသန်း´ လို့ ပြောကြသလို၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို `ပြည်ခိုင်ဖြိုး´ လို့ ပြောကြတယ်။
အစ စကားလုံး ဖွဲ့စည်းခြင်း (Abbreviation) ဆိုတာ အစ စကားလုံးတွေကို ယူပြီး ဖွဲ့စည်းခြင်းကို ခေါ်တယ်။ မြန်မာမီးရထားကို `မမ´ လို့ ခေါ်ကြသလို လူဝင်မှု ကြီးကြပ်ရေး ကို `လ၀က´ လို့ ပြောကြသလိုမျိုး ပါ။

သဒ္ဒါ အစိတ်အပိုင်း မြှုပ်ရေးခြင်းဟာ သတင်း အချက်အလက် ပေးတဲ့ အခါမျိုးမှာ အရေးကြီး အချက်အလက် အပေါ် ဗဟိုပြု ရေးရတယ်။ ဒါကြောင့် ပြောချင်တာကို အတတ်နိုင်ဆုံး တိုတိုတောင်းတောင်းနဲ့ ထိထိမိမိ ဖော်ပြနိုင်ဖို့ အထောက်အကူ ပြုလေ့ရှိတယ်။ မှတ်စုလိုက်ရေးခြင်း၊ သတင်းစာကြေငြာ ရေးနည်းရေးဟန်၊ ကြေးနန်း အရေးအသား၊ သတိပေး တားမြစ်ချက် စတဲ့ နေရာတွေမှာ စကားလုံး မြှုပ်ရေးခြင်းကို အများဆုံး တွေ့ရတယ်။ စကား မြှုပ်ရေးတဲ့ဟန်က အရေးထက် အပြောမှာ ပိုပြီး ထူးထူးခြားခြား သုံးတာကို တွေ့ရတယ်။ အပြန်အလှန် ပြောစကားတွေ များတာကြောင့် မလိုအပ်ဘဲ ထပ်တလဲလဲ ပြောနေရမှာကို ရှောင်ချင်တဲ့အတွက် သုံးကြတယ်။

မြန်မာဘာသာ စကားရဲ့ ၀ါကျတွေမှာ သဒ္ဒါ အစိတ်အပိုင်း မြှုပ်ပြီး ရေးဟန် (၄) မျိုး ရှိပါတယ်။ (၁) ၀ိဘက်မြှုပ်ရေးဟန်၊ (၂) နာမ်မြှုပ်ရေးဟန်၊ (၃) ကြိယာမြှုပ်ရေးဟန် နဲ့ (၄) ၀ါကျခွဲမြှုပ်ရေးဟန် တွေ ဖြစ်တယ်။

ဝိဘတ်မြှုပ်ရေးဟန် မြန်မာ ဘာသာစကားဟာ ၀ိဘတ်ကို အခြေပြုပြီး ပြောဆို ရေးသားရတဲ့ ဘာသာစကား ဖြစ်တယ်။ နာမ်ဝိဘတ်တွေ၊ ကြိယာဝိဘတ်တွေဟာ နာမ်၊ ကြိယာတွေရဲ့ တာဝန်ကို ဝေဖန် ပိုင်းခြားပြတဲ့ စကားလုံး ဖြစ်တယ်။

(က) ကတ္တားဝိဘတ် (က၊ သည်) ကို မြှုပ်၍ ရေးခြင်း
  • သူကလည်း ကျွန်တော့်ကို ကူညီတယ်။
  • သူ(--)လည်း ကျွန်တော့်ကို ကူညီတယ်။
  • သူသည်ပြေးသည်။
  • သူ(--)ပြေးသည်။
(ခ) ကံဝိဘတ် (ကို) ကို မြှုပ်၍ ရေးခြင်း
  • ဖေဖေက သတင်းစာကို ဖတ်နေတယ်။
  • ဖေဖေက သတင်းစာ(--) ဖတ်နေတယ်။
  • ပန်းကို မခူးရ။
  • ပန်း(--) မခူးရ။
  • လမ်းကို ပြင်နေသည်။
  • လမ်း(--) ပြင်နေသည်။
(ဂ) ရှေးရှုရာပြ ၀ိဘတ် (သို့) ကို မြှုပ်၍ ရေးခြင်း
  • မနက်ဖြန် တောင်ကြီးသို့ သွားမည်။
  • မနက်ဖြန် တောင်ကြီး(--) သွားမည်။
(ဃ) ၀ါကျ အဆုံးသတ် ၀ိဘတ်များ ဖြစ်တဲ့ ကြိယာဝိဘတ် (သည်၊ တယ်) ကို မြှုပ်၍ ရေးခြင်း
သိပ္ပံမောင်ဝရဲ့ စကားပြေတွေမှာ အများဆုံး တွေ့ရတယ်။
  • ရွာသူကြီး သင်္ဘောဆိုက်ရာသို့ ပြေး၍ ဆင်းသွား(--)။
  • အတွင်းသို့ ၀င်ကြည့်ကြ(--)။

နာမ်မြှုပ်ရေးဟန် နာမ်ပုဒ်တွေကို မြှုပ်ထားပေမယ့် မူလ အဓိပ္ပါယ် မပျက်၊ ရှင်းလင်းမှုလည်း ရှိတယ်။ နာမ်ပုဒ် မြှုပ်တဲ့နေရာမှာ ဦးဆောင်နာမ်ပုဒ်၊ ကတ္တားပုဒ်နဲ့ ကံပုဒ်တွေကို မြှုပ်ရေးလေ့ ရှိတယ်။

(က) ဦးဆောင်နာမ်ပုဒ်ကို မြှုပ်၍ ရေးခြင်း
ပါဝါမျက်မှန်ပဲ လုပ်လုပ်၊ နေကာမျက်မှန်ပဲ လုပ်လုပ်။
ပါဝါ (---) ပဲ လုပ်လုပ်၊ နေကာ (---) ပဲ လုပ်လုပ်။

(ခ) ကတ္တားပုဒ်ကို မြှုပ်၍ ရေးခြင်း
  • (--) အ၀တ်ကို ကန်ပေါင်ပေါ်၌ မလျှော်ရ။
  • (--) သွားကြစို့။
  • (--) ဘယ်မှာ နေသလဲ။
(ဂ) အမှီဝါကျခွဲနှင့် အမှီခံဝါကျတို့၌ ကတ္တားပုဒ်နှင့် ကံပုဒ်တို့ကို မြှုပ်၍ ရေးခြင်း
  • (ကားသမားတို့သည်) ကားကိုရပ်ကာ ကားသမားတို့သည် ဆိုင်၌ ထမင်း ၀င်စားကြသည်။ (အမှီ ၀ါကျခွဲ ကတ္တား မြှုပ်ခြင်း)
  • ကားသမားတို့သည် ကားကိုရပ်ကာ (ကားသမားတို့သည်) ဆိုင်၌ ထမင်း ၀င်စားကြသည်။ (အမှီခံ ၀ါကျခွဲ ကတ္တား မြှုပ်ခြင်း)
  • ဆရာက (ကျောင်းသားများကို) ဂရုတစိုက် သင်သဖြင့် ကျောင်းသားများ အားလုံး စာမေးပွဲ အောင်ကြသည်။ (အမှီ ၀ါကျခွဲ ကံမြှုပ်ခြင်း)
(ဃ) စကားစဉ် ပြောဆိုရာ၌ လည်းကောင်း၊ အမေးအဖြေ ပြုရာ၌ လည်းကောင်း ကတ္တားပုဒ်ကို မြှုပ်၍ ရေးခြင်း
  • ကျွန်တော့် ကလေးတွေက အားကစား မျိုးစုံ ကစားကြတယ်လေ။ (---) နှစ်ယောက်စလုံး သိပ် သန်မာတာပဲ။
  • မင်း ဘယ်မှာ နေသလဲ။ (---) ရန်ကုန်မှာပဲ နေတယ်။

ကြိယာပုဒ် မြှုပ်ရေးဟန်

(က) `ဖြစ်သည်´ ဟူသော ကြိယာကို မြှုပ်၍ ရေးခြင်း
  • သူက ဆရာဝန် (---) ပေါ့။
  • မင်းက ဘယ်သူ (---) လဲ။
(ခ) နေရာကို ဖော်ပြရာ၌ ကြိယာကို မြှုပ်၍ ရေးခြင်း
  • မင်းက အခု ဘယ်မှာနေလဲ။ ကျွန်တော်အခု ရန်ကုန်မှာ (---) ပါ။
  • ဘယ်သွားမလို့လဲ။ မြို့ကို (---) ပါ။
(ဂ) မေးခွန်းများကို ဖြေသည့်အခါ၌ လိုရင်းပုဒ်ကိုသာ ထည့်၍ ကြိယာ မြှုပ်ရေးခြင်း
  • စားပြီးပြီလားဟေ့။ ဟုတ်ကဲ့ (---) ပြီးပါပြီ။
  • ဘာလို့ နောက်ကျနေတာလဲ။ မိုးကြောင့် (---) ပေါ့။

ဝါကျခွဲမြှုပ်ရေးဟန် ၀ါကျရောကို ဖွဲ့စည်းတဲ့အခါမှာ အမှီဝါကျခွဲတွေနဲ့ အမှီခံ ၀ါကျခွဲတွေကို ၀ါကျခွဲ အဆက်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ စကားစဉ် ဆက်စပ်မှုနဲ့ အပြန်အလှန် ပြောစကားတွေမှာ ကြိုတင် သက်ရောက်မှုတွေ ရှိတဲ့အတွက် ၀ါကျရောတွေမှာ `အမှီ ၀ါကျခွဲ´ တွေကို မြှုပ်လေ့ရှိတယ်။

ဥပမာ - ဘာလို့ သုံးယောက်စာပဲ ချက်ထားရတာလဲ။ မောင်မောင်လည်း ညစာစားမှာပဲ မဟုတ်လား။
အဟုတ်လား။ (-----) သူ ကျွန်တော့်ကို ပြောမထားဘူး။
(မောင်မောင်လည်း ညစာစားမယ်လို့) ဆိုတဲ့ အမှီ ၀ါကျခွဲကို မြှုပ်ပြီး ပြောထားတာပါ။

အပေါ်မှာ ရှိတဲ့ စာပိုဒ်တွေဟာ စိုးနိုင် (ကထိက၊ ဒေါက်တာ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) ရဲ့ စာတမ်းဖြစ်တဲ့ `မြန်မာ ဘာသာစကားရှိ ၀ါကျတွင်း သဒ္ဒါ အစိတ်အပိုင်းများ မြှုပ်ရေးဟန်´ ကို အရေးကြီးတဲ့ အပိုင်းပဲ ဖြတ်ပြီး တင်ပြထားတာပါ။ သိသင့် သိထိုက်တဲ့ မြန်မာဘာသာ စကားဆိုင်ရာ ဗဟုသုတ တွေမို့ အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ တင်ပြလိုက်ပါတယ်။ နောက်ပြီး မှတ်တမ်းတင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။


0 comments: