မြန်မာစာကို ဖတ်တဲ့နေရာမှာ ပါဌ်ဆင့်နဲ့ အသတ်တွေကို အသံထွက်တဲ့ အခါမှာ အတော်ကလေး မှားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ဖူးထားတဲ့ ဗဟုသုတလေး တချို့ကို ပြန်လည် ဖြန့်ဝေ ပေးချင်ပါတယ်။ ဒါကို ဝေါဟာရတ္ထပကာသနီကျမ်း မှာ ဖော်ပြထားတယ် ဆိုပေမယ့် ကျနော်က ဦးထွန်းမြင့်ပြုစုထားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓါန် စာအုပ်ထဲက မှတ်သားထားတာပါ။
- က် - ဣ (အိ) ကသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ကြိုးကြာကရ၀ိက်၊ တောလုံးထိတ်မျှ၊ ညိတ်ညိတ်တွန်ထူး၊ ...။´ `စေတသိက်၊ ဘိသိက်၊ လောကန္တရိက်၊ ... ´ စသဖြင့်လည်း အတူတူပါပဲ။
- ခ် - ဥ (အု) ခသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ဗလ၀ါမုခ်၊ ခံတွင်းနှုတ်သို့၊ အနုတ္တရည်း၊ ...။ ´ ဣ (အိ) ခသတ်ကို `န´သတ် အသံအတိုင်း ဖတ်ရတယ်။ ဥပမာ ပဉ္စသိခ် မှာ ပဉ္စသိန် လို့ ဖတ်ရမယ်။
- ဂ် - အ ဂငယ်သတ်ကို `က´သတ် သံလိုပဲ ဖတ်ရမယ်။ `မိုးမြေအောက်ထက်၊ ဘ၀ဂ်တိုင်တန်း၊ သက်သေညွှန်းလျက်၊ ... ။´ ဥ (အု) ဂငယ်သတ်ကို `တ´သတ်သံ ဖတ်ရတယ်။ `မဆီဆုတ်ယုတ်၊ ကလိယုဂ်ဖြင့်၊ ရုတ်ရုတ်ယောင်ခါ၊ ... ။´
- င် - ဣ (အိ) ငသတ်၊ ဥ (အု) ငသတ်တို့ကို `န´သတ်သံ ဖတ်ရတယ်။ ဥပမာ သိင်္ခသူ ကို သိန်ခသူ ဟု လည်းကောင်း၊ ကုင်္ကုမံ ကို ကုန်ကုမံဟု လည်းကောင်း ဖတ်ရတယ်။
- စ် - ဣ (အိ) စသတ်၊ ဥ (အု) စသတ်တို့ကို `တ´သတ်သံ ဖတ်ရတယ်။ ဥပမာ အနိစ္စ ကို အနိတ်စ ဟု လည်းကောင်း၊ ပရိယာယ်ေ၀၀ုစ် ကိုေ၀၀ုတ် ဟု လည်းကောင်း ဖတ်ရတယ်။
- ဇ် - ဇသတ်က `စ´သတ်နဲ့ တူတယ်။ ဥပမာ ၀ိဇ္ဇာ ကို ၀ိစ်ဇာ လို့ ဖတ်ရတယ်။ အို ဇ သတ်ကို `အိုက်´သံ ထွက်ရတယ်။ ဥပမာ ပရိဗိုဇ် ကို ပရိပိုက် လို့ အသံထွက်ရမယ်။
- ဋ် - ဋသံလျှင်းချိတ်သတ်က `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဆဋ္ဌ - ဆဋ် ဌ (ဆတ်ဌ)၊ အဋ္ဌ - အဋ် ဌ (အတ်ဌ)၊ ၀ိသိဋ္ဌ - ၀ိသိဋ်ဌ (၀ိသိတ်ဌ) လို့ ဖတ်ရမယ်။
- ဍ် - ဍရင်ကောက်သတ်ကလည်း `တ´သတ်နဲ့ တူတယ်။ ဥပမာ ဂုဏ၀ုဍ္ဎိ - ဂုဏ၀ုဍ်ဎိ (ဂုဏ၀ုတ်ဎိ) လို့ အသံ ထွက်ပါတယ်။
- ထ် - ထဆင်တူးသတ်ကလည်း `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဣရိယာပုထ် ကို အိရိယာပုတ် လို့ အသံ ထွက်ပါတယ်။
- ဒ် - ဒဒွေးသတ်ကလည်း `တ´ သတ်နဲ့ တူပါတယ်။ ဥပမာ ဥပဒ် ကို ဥပတ်၊ ဥပိုဒ် ကို ဥပိုတ်လို့ အသံ ထွက်ပါတယ်။
- ဏ် - ဏကြီးသတ်က `န´သတ်နဲ့ တူတယ်။ အို ဏ သတ်ဖြစ်ရင်တော့ `င´ သတ်အသံနဲ့ ဖတ်ရပါတယ်။ ဥပမာ လိုဏ် ကို လိုင်၊ တုရိုဏ်တိုင် ကို တုရိုင်တိုင် လို့ ဖတ်ရပါတယ်။ ချွင်းချက်အနေနဲ့ ကြိုဏ် ကို ကြို လို့ပဲ ဖတ်ပါတယ်။
- ဗ် - ဗထက်ချိုင့်သတ်က `ပ´သတ်နဲ့ တူတယ်။ ဥပမာ ဒြဗ် ဆိုတဲ့ စကားလုံးကို ဒြပ်လို့ အသံထွက်တယ်။
- ဘ် - ဘကုန်းသတ်ကလည်း `ပ´သတ်နဲ့ တူတယ်။ ဥပမာ လာဘ် ကို လပ် လို့ အသံထွက်တယ်။
- ယ် - အ၊ အာ ကို ယသတ်ရင် `အယ်´သံ ထွက်တယ်။ ဥပမာ ကြယ်၊ နိကာယ်။ ဥ (အု) ကို ယသတ်ရင်တော့ `န´သတ်သံ ထွက်တယ်။ ဥပမာ ယေဘုယျ - ယေဘုယ်ယ (ယေဘုန်ယ)၊ ဥယျောဇဉ် - ဥယ်ယောဇဉ် (အုန်ယောဇင်) လို့ ဖတ်တယ်။ ချွင်းချက် အနေနဲ့ ဥယျာဉ် (ဥယ်ယာဉ်) ကို အုန်ယာဉ် လို့ မဖတ်ဘဲ ဥယာဉ်လို့ပဲ ဖတ်ပါတယ်။
- ရ် - ဧ (အေ) ရကောက်သတ်ကို `ည´သတ်သံ ကဲ့သို့ ဖတ်ရတယ်။ ဥပမာ ထေရ် ကို ထည် လို့ ဖတ်ရပါတယ်။ `ဥဒါယီထေရ်၊ ရှေးရိုးတည်လျက်၊ ထွက်သည်နေ့က၊ ထိုနှစ်လလျှင်၊ ... ´ အို ကို ရကောက်သတ်လျှင် အသတ်သံ အထူးမထွက်။ ဥပမာ နဂိုရ် ကို နဂို လို့ပဲ ဖတ်ရမယ်။
- လ် - လသတ်ဟာ `န´သတ်နဲ့ အသံတူတယ်။ ဥပမာ ပန်းမာလ် ဆိုရင် ပန်းမာန် လို့ အသံထွက်ရမယ်။ မိလ္လာ ကို မိန်လာ၊ ပုလ္လိင် ကို ပုန်းလိင် လို့ အသံထွက်ရမယ်။ အိုကို လသတ်မယ် ဆိုရင်တော့ အသတ်သံ ထွက်စရာ မလိုဘူး။ ဥပမာ ကုသိုလ် ကို ကုသို လို့ပဲ ဖတ်တယ်။
- ၀် - ၀သတ်ဟာ အသတ်သံ ထူးထူးထွေထွေ မထွက်ဘူး။ ဒါကြောင့် မြန်မာစာမှာ ၀သတ်ကို မသုံးတော့ဘူး။ ဒါပေမယ့် သြဘာစာမှာ `သောဝ်´ ဆိုတာ တွေ့ရမယ်။ သူ့ကို ဖတ်ရင် `သော´ကို အသံရှည်ရှည် ဆွဲဖတ်ရတယ်။
- သ် - သသတ်ဟာ `တ´သတ်နဲ့ တူတယ်။ ဥပမာ မိဿ - မိသ်သ (မိတ်သ)၊ ဥပုသ် ကို ဥပုတ်လို့ ဖတ်ရမယ်။
- ဟ် - ဟသတ်က `န´သတ်နဲ့ တူတယ်။ ဥပမာ သိဟ်ရာသီ မှာ သိန်ရာသီ၊ ဂိမှာန် - ဂိဟ်မာန် (ဂိန်မန်) လို့ ဖတ်ရမယ်။
စကြ၀ဠာ - စက်ကြာဝဠာ လို့ ဖတ်တယ်။
တိရစ္ဆာန် - တိရစ်ဆန်လို့ ဖတ်ရမှာပါ။ ဒါပေမယ့် တရိတ်ဆန်လို့ ဖတ်ကြတယ်။
ပဋိသန္ဓေ - ပဋိတ်သဓေ လို့ ဖတ်ကြတယ်။
ပရိသတ် - ပရိတ်သတ် လို့ ဖတ်တယ်။
ပြာသာဒ် - ပြတ်သာဒ် လို့ ဖတ်တယ်။
ဗိမာန် - ဗိတ်မှန် လို့ ဖတ်တယ်။
မေတ္တာ - မစ်တာ လို့ ဖတ်တယ်။ ဧ (အေ) တသတ်ဟာ `စ´သတ် (အစ်) သံထွက်ရတယ်။ မေတ္တာ - မစ်တာ၊ ခေတ် - ခစ် လို့ အသံထွက်တယ်။
ဝါကျ - ၀က်ကျ လို့ ဖတ်တယ်။
သုသာန် - သုတ်သာန် လို့ ဖတ်တယ်။
စကားလုံးတွေ ကျန်နေပါဦးမယ်။ ကျနော် သိသလောက် ဥပမာအနေနဲ့ ဖော်ပြလိုက်တာပါ။
အသေးစိတ် သဒ္ဒါနည်း အပြည့်အစုံနဲ့ မှတ်သားချင်ရင်တော့ ဦးထွန်းမြင့် ရေးသားထားတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန် စာအုပ်မှာ လေ့လာဖတ်ရှု နိုင်ပါတယ်။
1 comments:
ယေဘုယျ၊ ဥယျောဇဉ်၊ မထေရ်ကို "ယေဘုန်ယ၊ အုန်ယောဇင်၊ မထည်(ထယ်/ထီ)" လို့ ထွက်တာ မကြားတော့ဘူးနော်။ အဲဒီအစား "ယေဘူယ၊ ဥယောဇင်၊ မထေ" လို့ပဲ ထွက်သံကြားတော့တယ်။ ပါဠိနဲ့ အကျွမ်းတဝင် ရှိတဲ့ ဘုန်းကြီးတွေကြားမှာတော့ ဘယ်လို ပြောသလဲတော့ မသိဘူး။
Post a Comment